လူငယ်ရင်းမြစ်တွေကို ဖျက်ဆီးနေတဲ့ စစ်ကောင်စီ

မတ်လ ၃၀ ရက်နေ့တွင် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု အမှတ် ၁ စစ်အခြေခံ လေ့ကျင့်ရေးကျောင်းသို့ အတင်းအကျပ် စစ်သားစုဆောင်းခံရသူများကို ပို့ဆောင်စဉ် / Photo:Hmine Wai

ဓားရိုင်း

စစ်ကောင်စီလက်အောက်မှာ လူငယ်ရင်းမြစ်ဆုံးရှုံးမှုတွေ တဖြည်းဖြည်းမြင့်တက်နေပါတယ်။ စစ်တပ်က အာဏာ သိမ်းထားတဲ့ သုံးနှစ်ကျော်ကာလအတွင်းမှာ အာဏာရှင်ကိုတော်လှန်ဖို့ တော်လှန်ရေးထဲရောက်သွားသူတွေအပြင် အကြောင်းအမျိုးမျိုးနဲ့ တိုင်းပြည်ကိုစွန့်ခွာနေရသူတွေ တနေ့တခြား ပိုပိုများပြားလာနေတာဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကြောင့် လူငယ်ရင်းမြစ်ဆုံးရှုံးမှုတွေဟာ ပိုပြီးဆုံးရှုံးမှုမြင့်တက်လာနေတာ တွေ့ရပါ တယ်။ အကြောင်းအမျိုးမျိုးနဲ့ တိုင်းပြည်ကိုစွန့်ခွာနေရတဲ့ လူငယ်တွေထဲမှာ ကုန်ထုတ်လုပ်သားတွေအပြင် အသိ ပညာရှင်၊ အတတ်ပညာရှင်နဲ့ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတွေလည်း အမြောက်အမြား ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဒီလိုလူငယ်ရင်းမြစ်တွေဆုံးရှုံးလာမှုကြောင့် တိုင်းပြည်မှာ လုပ်သားရှားပါးမှုပြဿနာဟာလည်း တဖြည်းဖြည်းမြင့် တက်လာနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်ကထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေ ကြေညာပြီးနောက်ပိုင်း လုပ်သား ၂၈ ရာခိုင်နှုန်းဟာ အလုပ်ထွက်ပြီး ကျေးလက်နဲ့ ပြည်ပနိုင်ငံ တွေကို ပြောင်းရွှေ့ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီလုပ်သားတွေရဲ့ တဝက်လောက်ဟာ ပြည်ပနိုင်ငံတွေကို ပြောင်းရွှေ့ခဲ့ပြီး ကျန်လုပ်သား သုံးပုံတပုံကတော့ ပြည်တွင်းမှာပဲ ရွှေ့ပြောင်းခဲ့တာဖြစ်ပါတယ်။ အလုပ်ထွက်ခဲ့တဲ့ လုပ်သားအများစုဟာ ဝန်ဆောင်မှုလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေက ဖြစ်ပါတယ်။ စစ်မှုထမ်းဥပဒေ အတည်မပြုခင်ကတည်းက ပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရမှုတွေနဲ့ လုပ်ခလစာ ကျဆင်းလာမှုတွေကြောင့် လုပ်ငန်းအများစုဟာ လုပ်သားရှားပါးမှုတွေကို ရင်ဆိုင်နေခဲ့ရတာဖြစ်ပါတယ်။

စစ်မှုထမ်းဥပဒေမကြေညာခင် ၂၀၂၃ ခုနှစ် ဧပြီလမှာ အလုပ်ထွက်ခဲ့တဲ့လုပ်သားဦးရေ ၁၇ ရာခိုင်နှုန်းသာရှိခဲ့တာ ကနေ စစ်မှုထမ်းဥပဒေနောက်ပိုင်း ၂၀၂၄ ခုနှစ် ဧပြီလအတွင်းမှာ အလုပ်ထွက်ခဲ့တဲ့လုပ်သားဦးရေဟာ ၂၈ ရာခိုင် နှုန်းအထိတိုးလာခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ စစ်တမ်းတွေအရတော့ အသက် ၂၀ ကနေ ၄၀ အတွင်းရှိတဲ့ ပညာတတ်လူငယ် ၅၂ ရာခိုင်နှုန်းဟာ ဂျပန်၊ စင်္ကာပူ၊ တောင်ကိုရီးယားနဲ့ ထိုင်းနိုင်ငံတို့မှာ အလုပ်အကိုင်ရရှိဖို့ ကြိုးစားနေကြတယ်လို့သိရပါတယ်။

အခုလို လူငယ်ရင်းမြစ်တွေဆုံးရှုံးမှုမြင့်တက်လာပြီး လုပ်သားရှားပါးလာတဲ့ ပြဿနာကိုဖြေရှင်းဖို့အတွက် စစ်ကောင်စီကတော့ ပြည်ပထွက်ခွင့်ကို နည်းလမ်းအမျိုးမျိုးနဲ့ ပိတ်ပင်ပြီး တင်းကျပ် လာနေပါတယ်။ အထူးသဖြင့် အသက် ၂၃ နှစ်ကနေ ၃၁ နှစ်ကြား လူငယ်တွေ ပြည်ပထွက်ခွင့်မရအောင် တားဆီး လာနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၁ ရက်မှာ အမျိုးသားတွေ ပြည်ပထွက်အလုပ်လုပ်ခွင့်ကိုယာယီပိတ်ပင်ခဲ့ ပြီးနောက် တင်းကျပ်မှုတွေ ထပ်တိုးထားခဲ့တာဖြစ်ပါတယ်။ အမျိုးသားတွေ ပြည်ပထွက်အလုပ်လုပ်ခွင့်ကို မေလ ၆ ရက်မှာ စစ်ကောင်စီက ပြန်လည်ခွင့်ပြုခဲ့ပေမယ့် အသက် ၂၃ နှစ်ကနေ ၃၁ နှစ်ကြားတွေမပါဘဲ အသက်ကန့် သတ်လိုက်တယ်လို့ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်တွေက ပြောထားပါတယ်။ စစ်ကောင်စီအလုပ် သမားဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းကတော့ လိုအပ်ချက်အရ ယာယီဆိုင်းငံ့ခဲ့တာဖြစ်ပြီး Demand Letter အလုပ်ခေါ်စာ ဆိုတာ တင်တိုင်းကျတဲ့အနေအထားမရှိဘူးလို့ ပြောပါတယ်။ အလုပ်ခေါ်စာ အရေအတွက် ကို ကန့်သတ်ဖို့၊ တားဆီးဖို့ မရှိပေမယ့် အလုပ်ခေါ်စာအရ စေလွှတ်မယ့် အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် Profile တွေ၊ ကိုယ်ရေးအချက်အလက်တွေကို ကြည့်ပြီးတော့မှ စိစစ်သွားမှာဖြစ်တယ်လို့ လည်း ဆိုခဲ့ပါတယ်။

ပြည်ပထွက်ခွင့် တင်းကျပ်ထားမှုကို စစ်ကောင်စီဘက်က တရားဝင်ထုတ်မပြောထားပေမယ့် ကန့်သတ်မှုတွေကို တော့ တမျိုးပြီးတမျိုး လုပ်နေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်ကပဲ ပြည်ပထွက်အလုပ်လုပ်ခွင့် နိုင်ငံကူး လက်မှတ် PJ (Passport for Job) ကနေ အလည်အပတ် နိုင်ငံကူးလက်မှတ် (Passport for Visit) ပြောင်းလဲ လျှောက်ထားတာတွေကို စစ်ကောင်စီက ထပ်ပြီးပိတ်ပင်ထားခဲ့ပါတယ်။ မေလ ၁ ရက်ကစပြီး အသက် ၂၃ နှစ် ကနေ ၃၁ နှစ်ကြား အမျိုးသားတွေကို ပြည်ပထွက်အလုပ်လုပ်ခွင့် ပိတ်ပင်လိုက်ပြီးနောက် PJ နိုင်ငံကူးလက်မှတ် ကိုင်ထားသူတွေဟာ PV ကို ပြောင်းလဲလျှောက်ထားပြီး အလည်အပတ်ဗီဇာနဲ့ ပြည်ပထွက်ဖို့ကြိုးစားကြတာကို တားဆီးဖို့အတွက် အခုလိုပိတ်လိုက်တာလည်းဖြစ်ပါတယ်။ အခုလိုပြောင်းလဲခွင့်ပိတ်ပင်လိုက်တာကို မြန်မာနိုင်ငံ ကူးလက်မှတ်ထုတ်ပေးရေးရုံးရဲ့ အင်တာနက်စာမျက်နှာမှာ တရားဝင်ထုတ်ပြန်တာမရှိဘဲ လက်မှတ်ထုတ်ပေးရေး ရုံးမှာသာ စာကပ်ပြီးကြေညာခဲ့တာလည်းဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းအပိုဒ် (၁၃)မှာ လူတိုင်း မိမိနိုင်ငံနယ်နိမိတ်အတွင်း လွတ်လပ်စွာ သွားလာနေထိုင်ခွင့်ရှိသလို မိမိနေထိုင်ရာ တိုင်းပြည်က ဖြစ်စေ၊ တခြားတိုင်းပြည်တစ်ခုခု ကနေဖြစ်စေ လွတ်လပ်စွာ ထွက်ခွာခွင့်၊ ပြန်လာခွင့်ရှိကြောင်းဖော်ပြထားတာဖြစ် ပါတယ်။ ဒါပေမဲ့ အဲဒီလူ့အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်းတွေဟာ စစ်အာဏာရှင်အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံ မှာတော့ အသုံးမဝင်ပါဘူး။

ဒါကြောင့်လည်း မြန်မာလူငယ်တွေဟာ အိမ်နီးချင်းနိုင်ငံတွေက တရားမဝင် ရောက် လာတဲ့ မြန်မာနိုင်ငံသားတွေကို အဖမ်းအဆီးတွေများနေတဲ့ကြားကနေ ရရာနည်းလမ်းနဲ့ စွန့်စားပြီး တိုင်းပြည် ကနေထွက်ခွာနိုင်ဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။

ဒီကြားထဲ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကလည်း ပြည်တွင်းမှာပိတ်မိနေတဲ့ လူငယ်တွေကိုနေ့စဉ်ခြိမ်းခြောက် နေခဲ့တာဖြစ်ပါတယ်။ လက်နက်ကိုင်လမ်းစဉ်ကိုမလိုက်ချင်လို့ ပြည်တွင်းမှာကျန်နေခဲ့တဲ့ လူငယ်တချို့ဟာ အခု

တော့ တော်လှန်ရေးထဲကို ရောက်ကုန်ကြပြီဖြစ်ပါတယ်။ ဒါဟာ စစ်မှုထမ်းဥပဒေရဲ့တွန်းပို့မှုကြောင့်ပဲဖြစ်ပါတယ်။ နိုင်ငံပြင်ပကိုထွက်မရတဲ့အဆုံးမှာ တော်လှန်ရေးထဲကိုပါဝင်ဖို့အတွက် လူငယ်အတော်များများရွေးချယ်လာခဲ့တာ တွေ့ရပါတယ်။ စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းချင်လို့ တော်လှန်ရေးထဲကိုရောက်လာတဲ့ လူငယ်တစ်ဦး ရဲ့စကားအတိုင်းပြောရရင် “စစ်မှုထမ်းမလား၊ တော်လှန်ရေးနဲ့ ပေါင်းမလားဆိုတဲ့ ရွေးချယ်မှုဖြစ်အောင် မင်းအောင် လှိုင်က လုပ်လိုက်တာ”လို့ပဲ ပြောရတော့မှာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအသက်ဝင်လာပြီးနောက် ပိုင်း တော်လှန်ရေးတပ်အဖွဲ့အသီးသီးဆီကိုရောက်လာတဲ့ လူငယ်အရေအတွက်ဟာ ထောင်ချီပြီးရှိနေခဲ့တာဖြစ်ပါ တယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဆီကိုရောက်လာကြတဲ့ လူငယ်တွေဟာ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြားရှိသူတွေ ဖြစ်ပြီး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မန္တလေး အစရှိတဲ့ မြို့ကြီးတွေကနေရောက်လာသူတွေဖြစ်ပါတယ်။ အဲဒီထဲမှာ တက္ကသိုလ်ကျောင်းသားတွေ၊ ဘွဲ့ရတွေနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းရှိသူတွေဖြစ်ပါတယ်။ အဲဒီလို လူသစ် တွေဝင်ရောက်မှု မြင့်မားလာတာကို ကြုံတွေ့ရတဲ့ တပ်ဖွဲ့တခုမှာ ကရင်နဲ့ ရှမ်းပြည်နယ်တွေမှာ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်မတော် (BPLA) ပဲဖြစ်ပါတယ်။ စစ်ကောင်စီရဲ့အတင်းအဓမ္မ လူသစ်စုဆောင်းတဲ့ စစ်မှုထမ်းဥပဒေအသက်ဝင်လာပြီးနောက်ပိုင်း BPLA မှာ အခြေခံစစ်သင်တန်းအတွက် လျှောက်ထားသူ ထောင်နဲ့ချီ ရှိနေတာဖြစ်ပါတယ်။

BPLA ကလည်း တော်လှန်ရေးရဲဘော်သစ်တွေအတွက် တံခါးဖွင့်ပေးထားပြီး ဖေဖော်ဝါရီလမှာ သင်တန်းခြောက် ကြိမ်ပေးခဲ့ပြီးဖြစ်ကာ အဖွဲ့ဝင်သစ်တွေ ပိုမိုလက်ခံနိုင်ဖို့ စီစဉ်နေတယ်လို့ဆိုထားပါတယ်။ ဒါ့အပြင် ကရင်အမျိုး သား လွတ်မြောက်ရေး တပ်မတော် (KNLA) အဖွဲ့ဝင်တွေ နဲ့ PDF တွေပါဝင်တဲ့ Cobra Column 2 Venom ကလည်း စစ်ကောင်စီရဲ့အတင်းအဓမ္မ စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးလာသူ ၂၀၀ ကျော်ကို လက်ခံပေး ထားပြီး တော်လှန်ရေးထဲပါဝင်ချင်သူတွေကို သင်တန်းတွေပေးနေတာဖြစ်ပါတယ်။ ချင်းအမျိုးသား ကာကွယ်ရေး တပ်ဖွဲ့(CNDF)ဆိုရင်လည်း ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းက လူသစ် ၂၀၀ ကျော် လက်ခံပေးထားတာဖြစ်ပါတယ်။

စစ်တပ်ကနေ ဘက်ပြောင်းလာပြီး အတင်းအကျပ် စစ်သားစုဆောင်းခံရသူတွေနဲ့ စစ်တပ်ကထွက်ပြေးလာသူတွေ ကိုကူညီတဲ့ အဖွဲ့တခုဖြစ်တဲ့ ပြည်သူ့ရင်ခွင်အဖွဲ့ကိုလည်း စစ်မှုထမ်းဥပဒေအသက်ဝင်လာပြီးနောက်ပိုင်း လူငယ် ၂၆,၀၀၀ ကျော်ဆက်သွယ်လာခဲ့တယ်လို့သိရပါတယ်။ အဲဒီထဲက (၈၀)ရာခိုင်နှုန်းကျော်ဟာ လက်နက်ကိုင်တော် လှန်ရေးနဲ့ ပူးပေါင်းဖို့ဆန္ဒပြုကြပြီး ဆက်သွယ်လာသူတွေကိုစိစစ်ကာ လူသစ်စုဆောင်းတဲ့ တော်လှန်ရေး အင်အား စုတွေနဲ့ ဆက်သွယ်ပေးနေတယ်လို့ ပြည်သူ့ရင်ခွင်အဖွဲ့က ဗိုလ်ကြီးဟောင်း လင်းထက်အောင်က ဧရာဝတီမှာပြော

ထားတာတွေ့ရပါတယ်။ ဒါတွေကိုကြည့်ရင် စစ်ကောင်စီရဲ့လုပ်ရပ်တွေဟာ ခုတ်ရာတခြား၊ ရှရာတခြား ဖြစ်နေပြီး လူငယ်ရင်းမြစ်တွေကို ဖျက်ဆီးနေတာနဲ့ အတူတူပဲဖြစ်ပါတယ်။