နောင်ချိုနှင့် ကျောက်မဲ မြို့တွင်းထဲ TNLA ပူးပေါင်းတပ်များ ဝင်ရောက်

မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲသတင်းပေးပို့ချက်

009

(မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကျောက်မဲခရိုင် ကျောက်မဲမြို့နှင့် နောင်ချိုမြို့တို့ရှိ မြို့ပေါ်နေရာတချို့သို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်( TNLA)နှင့် ပူးပေါင်းတပ်ဖွဲ့များ ယနေ့(ဇွန်လ ၂၅) ညနေ ၃ နာရီခွဲခန့်တွင် ဝင်ရောက်လာပြီဖြစ်ကြောင်း မြို့ခံများက ဆိုသည်။

နောင်ချိုမြို့ အနောက်ဘက် မိုးဇလရုံးရှိ စစ်ကောင်စီတပ်စခန်းကို TNLAနှင့် ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ပြီး မြို့လယ်ရှိ မြို့မရဲစခန်းကို ပူးပေါင်းတပ်များက ဆက်လက်တိုက်ခိုက်နေကြောင်း နောင်ချိုမြို့ခံ အမျိုးသမီးတဦးက မဇ္ဈိမကို ပြောသည်။

“ ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်နေတယ်။ ရဲစခန်းထဲမှာ ရဲရော ၊ ပြည်သူ့စစ်ရော ၊ စစ်ကောင်စီတပ်ရော သုံး ဖွဲ့ပေါင်းပြီး ခုခံနေတာ။ မြို့လယ်မှာဖြစ်တာ ဆိုတော့ တိုက်ပွဲသံက အကျယ်ကြီးပဲ “ဟု ပြောသည်။

မြို့မရဲစခန်း တိုက်ခိုက်ခံရမှု မတိုင်ခင်တွင် ရဲစခန်းရှိ အချုပ်သားများကို မြို့တွင်း လွတ်ပေးခဲ့ကြောင်း အထက်ပါ အမျိုးသမီးက ဆိုသည်။

နောင်ချိုမြို့ပေါ်တိုက်ပွဲတွင် စစ်ကောင်စီတပ် အကျအဆုံးများပြားပြီး ၎င်းတို့၏ ရုပ်အလောင်းများကို မြို့ပေါ်လမ်းမများတွင် တွေ့ရှိနေရကြောင်း မြို့ခံများက ဆိုသည်။

ထို့အတူ ကျောက်မဲမြို့ မြောက်ဘက် တမိုင်ခန့်အကွာက ကျောက်မဲခရိုင်ရဲရုံးနှင့် စစ်ကောင်စီအရာရှိများနေထိုင်ရာ တိုက်လေးလုံးအဆောက်အဦးကို ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီး ထွက်ပြေးသွားသည့် စစ်ကြောင်းများကို ပူးပေါင်းတပ်များက မြို့မစျေးကြီးအနီးထိ လိုက်လံ ပစ်ခတ်ရှင်းလင်းနေကြောင်း ကျောက်မဲမြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

“ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်တွေကို TNLAက မြို့လယ်က စျေးကြီးထိ လိုက်ပစ်တာ။ အခုထိ မြို့လယ်မှာ အပြန်အလှန်ပစ်နေတာ။ မြို့ခံတွေလည်း အပြင်မထွက်ရဲကြဘူး။” ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များက မြို့တောင်ဘက်ရှိ ကျောက်မဲမြို့နယ်ရဲရုံးအတွင်း အင်အားစုစည်းထားပြီး ခုခံစစ်ပြင်ဆင်နေဟု အထက်ပါ မြို့ခံက ဆိုသည်။

ကျောက်မဲမြို့ပြင်ရှိ စစ်ကောင်စီတပ်များ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် မြို့ခံ အရပ်သား နှစ်ဦးသေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းများက အတည်ပြုကြသည်။

ကျောက်မဲနှင့် နောင်ချိုမြို့ရှိ ရဲစခန်းများ ကျပါက မြို့ပေါ်ကို ပူးပေါင်းတပ်များက ထိန်းချုပ်နိုင်မည်ဖြစ်ပြီး မြို့အနီးရှိ စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့များကိုလည်း ပူးပေါင်းတပ်များက ဆက်လက်တိုက်ခိုက်နေဟု သိရသည်။

ထိုအပြင် ရှမ်းမြောက်နှင့် ထိစပ်နေသည့် မန္တလေးတိုင်း မိုးကုတ်မြို့နှင့် မတ္တရာမြို့တို့ရှိ စစ်ကောင်စီတပ်စခန်းများကို ယနေ့တရက်တည်းတွင် တော်လှန်းရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

ယနေ့ တကျော့ပြန် TNLA၏ ထိုးစစ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF) တပ်ဖွဲ့ဝင်များ၊ မိုးကုတ်ဗျူဟာ တပ်ရင်း (၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃၊ ၁၂၂၄)နှင့် ဓနု ပြည်သူ့လွတ်မြောက်ရေးတပ်ဦး-(DPLF/DPLA) တို့ ပါဝင်တိုက်ခိုက်နေဟု စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။

ယခုနှစ်ဆန်းပိုင်းက တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် အပစ်အခတ်ရပ်စဲခဲ့သော ‘ဟိုင်ဂင်’ သဘောတူညီချက်ကို စစ်ကောင်စီတပ်က ချိုးဖောက်နေ၍ တိုက်ပွဲများ အချိန်မရွေးပြန်ဖြစ်လာနိုင်ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဘက်က ယမန်နေ့တွင် ရုပ်သံဖိုင်တစ်ခုဖြင့် ထုတ်ပြသတိပေးထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး