မတူပီ ခလရ (၁၄၀)နှင့် ဗျူဟာကုန်းကာကင်းစခန်းအချို့ ချင်းညီနောင် သိမ်းပိုက်

ပုံအညွှန်း။ ။ ဇွန်လ၁၈ရက်နေ့တွင် ချင်းညီနောင်နှင့်ပူးပေါင်းတပ်ဖွဲ့များမှ သိမ်းပိုက်ထားသော မတူပီမြို့အခြေစိုက် ခမရ (၃၀၄)တပ်ရင်းမြင်းကွင်း။ \ ဓာတ်ပုံ။ ။CDF -Matupi၊ တပ်မဟာ (၁)

ပုံအညွှန်း။ ။ ဇွန်လ၁၈ရက်နေ့တွင် ချင်းညီနောင်နှင့်ပူးပေါင်းတပ်ဖွဲ့များမှ သိမ်းပိုက်ထားသော မတူပီမြို့အခြေစိုက် ခမရ (၃၀၄)တပ်ရင်းမြင်းကွင်း။ \ ဓာတ်ပုံ။ ။CDF -Matupi၊ တပ်မဟာ (၁)

ကိုခင်မောင်

(မဇ္စျိမ)။ ။ ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့အခြေစိုက် ခလရ (၁၄၀)တပ်ရင်းနှင့် ဗျူဟာကုန်းကာကင်းစခန်းအချို့ကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ချင်းညီနောင်က ယနေ့(ဇွန်လ ၂၅) ရက်တွင် ထုတ်ပြန်သည်။

“စခန်းနှစ်ခုစလုံးက ကာကင်းစခန်းတွေကို သိမ်းပိုက်တာပါ။အရေအတွက် အတိကျတော့ ပြောလို့မရသေးပါဘူး။ စကစတပ်ဖွဲ့ဝင်တွေက စခန်းနှစ်ခုလုံးထဲမှာပဲ ရှိနေပါသေးတယ် ” ဟု ချင်းညီနောင်သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူကမဇ္စျိမကို ပြောသည်။

တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စခန်းအပြီးသတ်သိမ်းပိုက်နိုင်ရေး ချင်းညီနောင်က ဆက်လက်တိုက်ခိုက်နေသည်ဟု ပြောသည်။ ကာကင်းစခန်းများ တိုက်ခိုက်သိမ်းပိုက်သည့်တိုက်ပွဲ၌ စစ်ကောင်စီဘက်မှထိခိုက်မှုကို ဖော်ပြမထားပေ။

မတူပီမြို့ကို ဇွန်လ ၉ ရက်နေ့မှ စတင်ကာချင်းညီနောင်တပ်ဖွဲ့များနှင့်မဟာမိတ် အာရက္ခတပ်တော် (AA) ၊ Yaw Army တို့က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။ရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို သိမ်းပိုက်ထားသလိုမေလ ၁၇ ရက်နေ့တွင် ခမရ (၃၀၄) ကိုသိမ်းပိုက်နိုင်ခဲ့ပြီး ဟောင်ဝင်ဇာလက်နက်ကြီးနှင့် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ချင်းညီနောင်က ဇွန်လ ၁၈ရက်တွင် ထုတ်ပြန်ထားသည်။

ချင်းညီနောင်အဖွဲ့တွင် ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ (၁)နှင့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) တို့ ပါဝင်သည်။

မတူပီမြို့ ခလရ(၁၄၀)ကို ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပါဝင်သည့် ချင်းပြည်ကောင်စီကလည်း တိုက်ခိုက်သိမ်းပိုက်ရန် ကြိုးစားခဲ့သည်။ ထို့ကြောင့် ချင်းပြည်ကောင်စီနှင့် ချင်းညီနောင်သည် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ဇွန်လ ၁၈ရက်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။ဇွန်လ ၂၄ရက် ညနေပိုင်း၌ ချင်းပြည်ကောင်စီပူးပေါင်းတပ်များ ဆုတ်ခွာသွားပြီဟု ချင်းညီနောင်ကသတင်းထုတ်ပြန်ထားသည်။ ချင်းညီနောင်၏ထုတ်ပြန်ချက်နှင့်ပတ်သက်၍မေးမြန်းရန် CNAထံ ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိသေးပေ။

မတူပီမြို့နယ်အတွင်း လက်ရှိဖြစ်ပွားနေသော ချင်းပြည်ကောင်စီနှင့် ချင်းညီနောင်၏ပဋိပက္ခကို စားပွဲဝိုင်းတွင် အမြန်ဆုံးတွေ့ဆုံဆွေးနွေးဖြေရှင်းကြရန် CDF – Matupi Fundraising Committe က ဇွန်လ ၂၃ရက်နေ့ တွင် ထုတ်ပြန်တောင်းဆိုထားသည်။

လက်ရှိတွင် မတူပီမြို့နယ်၊ငလိုင်ရွာနှင့် ဖနိုင်အကြားတောင်ကြောအနီးတဝိုက်တွင် မြေမြှုပ်မိုင်းအများအပြားရှိနေသောကြောင့် အဆိုပါမိုင်းများ မရှင်း လင်းရသေးခင် ဖြတ်သန်းသွားလာခြင်း မပြုလုပ်ရန်နှင့် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကို အထူးသတိပြုရန် ဒေသခံများအား ချင်းညီနောင်က သတိပေးထားသည်။

မတူပီမြို့သိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွဲလျက်ရှိပြီး မြို့နယ်တခုလုံး စစ်ကောင်စီကင်းစင်နယ်မြေဖြစ်ရေးအတွက် အစွမ်းကုန်ကြိုးစားသွားမည်ဟု ချင်းညီနောင်က ထုတ်ပြန်ထားသည်။

စာတည်း – အေးချမ်း