သမ္မတဟောင်း ဦးသိန်းစိန် တရုတ်သို့ သွားရောက်

ပုံအညွှန်း- သမ္မတဟောင်း ဦးသိန်းစိန်ကို တရုတ်သံအမတ်ကြီး Mr. Chen Haiနှင့် စစ်ကောင်စီအဖွဲ့ လိုက်ပို့ပေးစဉ် (Photo- တရုတ်သံရုံး)

002 (မဇ္ဈိမ) ။ ။ တရုတ်အစိုးရ ဖိတ်ကြားချက်ဖြင့် သမ္မတဟောင်းဦးသိန်းစိန်သည် ယနေ့ (ဇွန်လ ၂၇ ရက်) တွင်် တရုတ် နိုင်ငံသို့ ထွက်ခွာသွားကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ် သံရုံးက ထုတ်ပြန်သည်။

ဦးသိန်းစိန်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ရန် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သမ္မတဟောင်း ဦးသိန်းစိန် တရုတ်နိုင်ငံသို့ ‌သွားရောက်ချိန်သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်အဖွဲ့များက ဖော်ဆောင်နေသော ၁၀၂၇ စစ်ဆင်ရေးကြီး တကျော့ပြန် ဖြစ်ပွားနေချိန်လည်း ဖြစ်သည်။

၎င်းနှင့်အတူ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာ ‌လေ့လာရေးအဖွဲ့ (MISIS) ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦး၊ ဝန်ကြီးချုပ် ဦးနု၏သမီး ဒေါ်သန်းသန်းနုတို့လည်း တရုတ်နိုင်ငံသို့ ထွက်ခွာခဲ့ကြသည်။

ဦးသိန်းစိန်အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က နေပြည်တော်လေဆိပ်ဆီ လိုက်ပါပို့ဆောင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းတို့က ပို့ဆောင်နှုတ်ဆက်ခဲ့သည်ဟု တရုတ်သံရုံးက ဆိုသည်။

ယခုနှစ်ဇွန်လကုန်ပိုင်းတွင် တရုတ်သံအမတ်မှာ အာဏာရှင်ဟောင်း ဦးသန်းရွှေ၊ ဦးသိန်းစိန် အစရှိသူတို့ကို လိုက်လံတွေ့ဆုံခဲ့ပြီး မြန်မာ နိုင်ငံအခြေအနေ၊ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး စသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်