ခြံအမှတ် (၅၄) ကို ကျပ်ဘီလီယံ ၃၀၀ ဖြင့် လေလံထပ်ပစ်ရန် တရားရုံးဆုံးဖြတ်

ပုံအညွှန်း -တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄)

ပုံအညွှန်း -တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄)

001

(မဇ္ဈိမ) ။ ။ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄) ကို ကျပ်ဘီလီယံ ၃၀၀ (ကျပ်သိန်းပေါင်း သုံးသန်း) ဖြင့် လေလံထပ်ပစ်ရန် စစ်ကောင်စီလက်အောက်ခံ ရန်ကုန်၊ ကမာရွတ်ခရိုင်တရားရုံးက ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင် ဆုံးဖြတ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

လေလံပွဲကို လာမည့် ဩဂုတ်လ ၁၅ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။

အဆိုပါ ခြံအမှတ် (၅၄) ကို ပြီးခဲ့သည့် မတ်လအတွင်းက ကျပ် ၃၁၅ ဘီလီယံဖြင့် ခြံရှေ့တွင် ပထမအကြိမ် လေလံတင်ရောင်းချခဲ့သော်လည်း မအောင်မြင်ခဲ့သည့်အတွက် ကျပ် ၂၈၅ ဘီလီယံဖြင့် ထပ်မံ လေလံတင်ရောင်းချရန် ဦးအောင်ဆန်းဦးဘက်က တရားရုံးကို တင်ပြထားခဲ့သည်။

အဆိုပါ တင်ပြချက်ကို တရားရုံးဘက်က လက်မခံဘဲ မူလသတ်မှတ်ထားသည့်ဈေးထက် ကျပ် ၁၅ ဘီလီယံ လျှော့ချကာ လေလံကြမ်းခင်းဈေးအသစ် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် လေလံဆွဲမည့်သူများက ခြံထဲဝင်ကြည့်ရန် ခွင့်တောင်းပါက ခွင့်ပြုပေးရန် ဦးအောင်ဆန်းဦးဘက်က လျှောက်ထားချက်အပေါ်တွင် တရားရုံးက အမိန့်ချမှတ်သွားခြင်းမရှိကြောင်းလည်း တရားရုံးနှင့် နီးစပ်သူက ပြောသည်။

ခြံအမှတ် (၅၄) အမွေဆိုင်အမှုသည် ၂၀၀၀ ပြည့်နှစ်တွင် စတင်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက နှစ်ထပ်အိမ်နှင့် မြေတဝက်ကို ဒေါ်အောင်ဆန်းစုကြည်ကလည်းကောင်း၊ တထပ်တိုက်နှင့် မြေတဝက်ကို ဦးအောင်ဆန်းဦးကလည်းကောင်းခွဲဝေယူရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ထိုအမိန့်အပေါ် ဦးအောင်ဆန်းဦးက မကျေနပ်သည့်အတွက် ခြံဝန်းတခုလုံးကို လေလံပစ်ပြီး ရရှိသည့်တန်ဖိုးကို တယောက်တဝက်ခွဲဝေယူရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိ အယူခံအဆင့်ဆင့်ဆက်တက်ခဲ့ရာ ပယ်ချခံခဲ့ရသည်။

ထို့နောက် စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဩဂုတ်လထဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဦးအောင်ဆန်းဦး၏ လျှောက်ထားချက်အတိုင်း ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ခြံအမှတ် (၅၄) ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ကြားကာလ အမျိုးသားအဆင့်ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားပြီး တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက ဆက်စပ်ဉပဒေများဖြင့် ထိရောက်ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

စာတည်း။ ။ နောင်နောင်