ရခိုင်ပြည်နယ်မြောက်ပိုင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ MSF က ရပ်ဆိုင်း

ရောင်နီ

(မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုများ လုပ်ဆောင်ရန် ကန့်သတ်ချက်များစွာ ရှိနေခြင်းကြောင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ရကြောင်း နယ်စည်းမခြားဆရာဝန်များအသင်း MSFက ယမန်နေ့(ဇွန်လ ၂၇ ရက်)တွင် ထုတ်ပြန်သည်။

ကျန်းမာရေးဝန်ဆောင်မှုရပ်ဆိုင်းလိုက်သည့် မြို့နယ်များမှာ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များ ဖြစ်သည်။

MSF အနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရွေ့လျားဆေးခန်း ၁၄ ခုဖွင့်လှစ်ကာ ရခိုင်၊ ရိုဟင်ဂျာ အပါအဝင် လူမှုအသိုက်အဝန်းအားလုံးအတွက် ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်ခဲ့ကြောင်း ဆိုသည်။

သို့သော် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်း၊ အရပ်သားများကို ထိခိုက်စေသည့် အကြမ်းဖက်မှုများကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုများ လုပ်ဆောင်ရန် ကန့်သတ်ချက်များစွာ ရှိနေကြောင်း MSF က ပြောသည်။

ပြည်သူများသည် ပဋိပက္ခဒဏ်အပြင် လူသားချင်းစာနာမှုအထောက်အပံ့များရယူရာ၌ ကန့်သတ်ခံရခြင်းများကို ရွေးချယ်စရာမရှိဘဲ ကြံ့ကြံ့ခံ ရင်ဆိုင်နေကြရကြောင်း MSF က ဖော်ပြသည်။

နယ်စည်းမခြားဆရာဝန်များအသင်း( MSF )အနေဖြင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ရခိုင်ပြည်နယ် အလယ်ပိုင်းနှင့် မြောက်ပိုင်း နေရာအများစုတွင် ပုံမှန်ကျန်းမာရေးဝန်ဆောင်မှုပေးအပ်ခြင်းများ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အပြင် ကန့်သတ်ချက်များစွာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်အလုံးစုံ ပျက်စီးမှုကို မျက်မြင်ကြုံတွေ့ခဲ့ရကြောင်း ထုတ်ပြန်သည်။

ယင်းသို့ ကျန်းမာရေးစောင့်ရှောက်မှုမရရှိခြင်းကြောင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ် မတ်လအထိ မိခင်သေဆုံးမှု သို့မဟုတ် သန္ဓေသားသေဆုံးမှု ကိုးခုအထိ ရှိခဲ့သည်ကို MSF က မှတ်တမ်းရရှိထားကြောင်းလည်း ဆိုသည်။

ထို့အပြင် ဧပြီလ ၁၅ ရက်နေ့က ဘူးသီးတောင်မြို့နယ်ရှိ MSFရုံး နှင့် ဆေးဝါးသိုလှောင်ရာနေရာများ မီးလောင်ပျက်စီးခဲ့ပြီး ယင်းဒေသရှိ ပုဂ္ဂလိကနှင့် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ အားလုံးသည်လည်း လုပ်ငန်းလည်ပတ်ခြင်း မရှိတော့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် မဖြစ်နိုင်သော်လည်း အခြေအနေများ တိုးတက်ကောင်းမွန်လာသည်နှင့် တပြိုင်နက် လုပ်ငန်းများ ပြန်လည်စတင်မည် ဖြစ်ကြောင်းလည်း MSF က အသိပေးထားသည်။

ပဋိပက္ခတွင် ပါဝင်နေသည့် သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးသည် ရခိုင်ပြည်နယ်ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုများ ဆောင်ရွက်နိုင်စေရန် နှင့် အကာအကွယ်ပေးရမည့် ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံများ၊ ဝန်ထမ်းများ၏ အခြေအနေကို လေးစားပေးရန် MSF က တောင်းဆိုထားသည်။

အဓိပ္ပါယ်မဲ့သည် အသက်ဆုံးရှုံးမှုများနှင့် ဆင်းရဲဒုက္ခများ ထပ်မံမဖြစ်ပွားစေရေး ထိခိုက်လွယ်သည့် ရပ်ရွာလူထုအား ကျန်းမာရေးဝန်ဆောင်မှုများ လက်လှမ်းမီရရှိမှု ချက်ချင်းပြန်လည်ပေးအပ်နိုင်ရန် လိုအပ်ကြောင်းလည်း နယ်စည်းမခြားဆရာဝန်များအသင်း၏ ထုတ်ပြန်ချက်တွင် တိုက်တွန်းရေးသားထားသည်။

ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့ကလည်း မောင်တောမြို့နယ်ရှိ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ ရိက္ခာသိုလှောင်ရုံကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ယင်းလုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချကြောင်း WFP က ဇွန်လ ၂၅ ရက် နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အာရက္ခတပ်တော်( AA )က မြို့သိမ်းတိုက်ပွဲများ အရှိန်မြင့်ဖော်ဆောင်ပြီး စစ်ကောင်စီတပ်နှင့်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည်။

စာတည်း – သန့်ဇော်(သန်လျင်)