တီးတိန်မြို့ခံအချို့ နေရပ်ပြန်

ပုံအညွှန်း ။ ။ (ဇွန်လ နောက်ဆုံးပတ်အတွင်းရိုက်ကူးထားသော တီးတိန်မြို့မြင်ကွင်းအချို့) Photo- Khai Thain

ကိုခင်မောင်

(မဇ္ဈိမ) ။ ။ တိုက်ပွဲများကြောင့် မြို့လုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့မှ မြို့ခံအချို့ နေရပ်ပြန်လာနေထိုင်နေကြပြီဖြစ်ကြောင်း နေရပ်ပြန်လာသူများထံမှ သိရသည်။

တီးတိန်မြို့ရှိ စကော့လမ်းရပ်ကွက်တွင် နေထိုင်သူအများစု နေရပ်ပြန်လာကြခြင်းဖြစ်ပြီး အခြားရပ်ကွက်များတွင်မူ ပစ္စည်းယူရန်အတွက်သာ နေအိမ်ကို ပြန်လာကြခြင်းဖြစ်ကြောင်း ဆိုသည်။

“စကော့လမ်းမှာတော့ ပုံမှန်အတိုင်းသွားလာနေကြပြီ။ ဈေးဆိုင်ခန်းတွေလည်းဖွင့်နေကြတယ်။ ကြက်သားဆိုင်၊ ဆံသဆိုင်၊ ကုန်စုံဆိုင်ခန်းတချို့ဖွင့်ကြတယ်။ မြို့မနဲ့ လွယ်ဘွာယ်ရပ်ကွက်ကတော့ စစ်မြေပြင်တခုလိုဖြစ်နေတယ်၊ တီးတိန်မြို့ပေါ်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုအများဆုံးနေရာတွေဖြစ်မယ်။ လူသူမရှိသေးဘူး။ နံနက်ပိုင်းလောက်ပဲ နေအိမ်လာကြည့်တာ၊ ပစ္စည်းလာယူတာလောက်ပဲအိမ်ပြန်ကြတယ်။ ညအိပ်ဖို့အထိပြန်မလာရဲသေးဘူး။” ဟု မြို့ခံတဦးက မဇ္စျိမကို ပြောသည်။

တီးတိန်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများကို ချင်းညီနောင် (CB) တပ်ဖွဲ့များက မေလ ၂၆ ရက် ညပိုင်းမှစတင်တိုက်ခိုက်ခဲ့ရာ မြို့ပေါ်တွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

လက်ရှိမှာ စကော့လမ်းရပ်ကွက်ရှိ ခလရ (၂၆၉) တပ်ရင်းတွင် စစ်ကောင်စီတပ်သားများရှိနေဆဲဖြစ်ပြီး တိုက်ပွဲများပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် မြို့ခံအများစု နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

ယမန်နေ့ (ဇွန်လ ၂၆ ရက်) ညပိုင်းတွင် တီးတိန်မြို့အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ငါးကြိမ်ခန့် ကင်းထောက်ခဲ့ပြီး ခလရ (၂၆၉) တပ်ရင်းမှလည်း လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်ခဲ့သဖြင့် နေရပ်ပြန်နေထိုင်နေသော မြို့ခံများမှာ စိုးရိမ်ထိတ်လန့်နေကြကြောင်း သိရသည်။

တီးတိန်မြို့ကို ဖြတ်သန်းသွားလာနေသော ခရီးသည်များသည်လည်း မြို့မရပ်ကွက်အတွင်း ကမ်းဟောက်လမ်းမကြီးပေါ် မသွားရဲကြဘဲ မြို့ပတ်လမ်းများတွင်သာ သွားနေရကြောင်း သိရသည်။

မြို့ခံများ၏ ပြောပြချက်အရ တီးတိန်မြို့ပေါ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် လူနေအိမ် ၆၀ ကျော် မီးလောင်ပျက်စီးသွားသကဲ့သို့ ရေပိုက်လိုင်းများလည်း ပျက်စီးသွားခဲ့ရာ နေရပ်ပြန်ဒေသခံများမှာ ပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်