DMG သတင်းထောက်နှင့် ဝန်ထမ်းကို စစ်ကောင်စီ နှစ်ရှည်ထောင်ဒဏ်ချမှု BNI နှင့် အဖွဲ့ဝင် အဖွဲ့အစည်းများရှုတ်ချ

ပုံအညွှန်း-ဖမ်းဆီးထောင်ချခံရသည့် DMG သတင်းထောက် ကိုထက်အောင်

မဇ္ဈိမ ။ ။ ရခိုင်ပြည်နယ်အခြေစိုက် Development Media Group (DMG)၏ သတင်းထောက်နှင့် ဝန်ထမ်းကို စစ်ကောင်စီက ထောင်ဒဏ် ငါးနှစ်စီချမှတ်မှုအပေါ် BNIနှင့် BNI အဖွဲ့ဝင် အဖွဲ့အစည်းအားလုံးက ယနေ့ (ဇူလိုင်လ ၁ ရက်)တွင် မတရားသောလုပ်ရပ်အဖြစ် ကန့်ကွက်ရှုတ်ချသည်။

စစ်ကောင်စီက ဇွန်လ ၂၈ ရက်တွင် DMG သတင်းဌာန သတင်းထောက် ကိုထက်အောင်နှင့် ရုံးညစောင့် ကိုစိုးဝင်းအောင်ကို ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

BNI ၏ မူဝါဒရေးရာ ကော်မတီ ဥက္ကဌ ဦးကိုကိုဇော်က “သတင်းသမားတွေ သတင်းသမား အလုပ်လုပ်တဲ့အ ပေါ် ရာဇဝတ်ပြစ်မှုတွေနဲ့ အရေးယူလိုက်တာဟာ သတင်းလွတ်လပ်ခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် တားမြစ်လိုက်တာ ဖြစ်တယ်။ ဖမ်းဆီးမှု၊ အသုံးပြုတဲ့ ဥပဒေနဲ့ ပြစ်ဒဏ်ချမှတ်မှုတွေဟာ တရားမျှတမှု လုံးဝ မရှိဘူး” ဟု ပြောသည်။

စစ်ကောင်စီက ကိုထက်အောင်နှင့် ကိုစိုးဝင်းအောင်တို့ကို စစ်ကြောရေးသို့ ပို့ဆောင်စစ်ဆေးခဲ့ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ များဖြင့် တရားစွဲဆိုခဲ့သည်။ ထို့နောက် DMG သတင်းဌာနမှ အယ်ဒီတာများနှင့် သတင်းထောက်များအပါအဝင် ဝန်ထမ်း ၁၈ ဦးကို ဖမ်းဝရမ်းထုတ်ထားသည်။

“ဒီလိုလုပ်ရပ်တွေဟာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ ရပ်တည်မှု၊ သတင်းရယူပိုင်ခွင့်နှင့် ပြည်သူလူထုရဲ့ သတင်းရပိုင်ခွင့်တွေကို တားမြစ်ပိတ်ပင်တာဖြစ်တယ်။”ဟု BNI ၏ မီဒီယာဖွံ့ဖြိုးရေးကော်မတီ ဥက္ကဌ မအားမီက ပြောသည်။

DMGသည် နိုင်ငံတကာမြန်မာ့သတင်း(Burma News International – BNI) ကွန်ရက်၏ အဖွဲ့ဝင် မီဒီယာအဖွဲ့အစည်း တခုလည်းဖြစ်သည် ။

BNI သည် ရခိုင်ပြည်နယ်သာမက တစ်နိုင်ငံလုံးတွင် သတင်းလွတ်လပ်ခွင့် ပိတ်ပင်မှုနှင့် သတင်းသမားများအပေါ် ဖိနှိပ်မှုများကို အမြန်ဆုံး ရပ်တန့်ရန်နှင့် ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး