ရခိုင် ANP ပါတီ မှတ်ပုံတင်ခွင့် စစ်ကောင်စီငြင်းပယ်၊ နိုင်ငံရေးလမ်းကြောင်းက သွေဖည်သွားပုံရောက်ဟု ANP ဝေဖန်

ANP ပါတီ၏ ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်ဟောပြောပွဲ (Photo- AFP)

001

(မဇ္စျိမ) ။ ။ ရခိုင်အင်အားကြီးပါတီတခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP) ၏ မှတ်ပုံတင်လျှောက်ထားချက်အပေါ် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC ) က ငြင်းပယ်လိုက်ကြောင်း ယမန်နေ့ (ဇူလိုင်လ ၁ ရက်) ညပိုင်းတွင် ထုတ်ပြန်သည်။

ANP ပါတီအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ (၇) ပါ ပြဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း တွေ့ရှိရသည့်အတွက် ငြင်းပယ်လိုက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်အမျိုးသားပါတီ (ANP) သည် စစ်ကောင်စီက အသစ်ပြဌာန်းခဲ့သည့် ပါတီမှတ်ပုံတင် ဥပဒေအရ ပါတီဆက်လက်တည်ထောင် မှတ်ပုံတင်ပေးရန် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ်လကတည်းက လျှောက်ထားခဲ့ခြင်းဖြစ်ပြီး တနှစ်ကျော်အကြာတွင် ယခုဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အဆိုပါ ပါတီမှတ်ပုံတင်ဥပဒေပုဒ်မ (၇) တွင် ပုဒ်မခွဲ ငါးခုရှိပြီး ထိုအထဲတွင် နိုင်ငံတော်အား လက်နက်ကိုင်ဆန့်ကျင်သည့်အဖွဲ့အစည်း (သို့မဟုတ်) အကြမ်းဖက်လုပ်ရပ်ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သည့်အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ (သို့မဟုတ်) မတရားအသင်းအဖြစ်ကြေညာခြင်းခံရသောအဖွဲ့အစည်း (သို့မဟုတ်) ယင်းအဖွဲ့အစည်းဝင်များနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်၊ အားပေးကူညီသည့်အဖွဲ့အစည်းနှင့် နိုင်ငံခြားတိုင်းပြည်တခုခုမှ အထောက်အပံ့ရယူသုံးစွဲခြင်း (သို့မဟုတ်) ဩဇာခံယူခြင်းပြုသည့် အဖွဲ့အစည်းများ လျှောက်ထားခွင့်မရှိစေရ ဟူသည့် အချက်များလည်း ပါဝင်သည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး စစ်ကောင်စီက အသေးစိတ် ထုတ်ပြန်ထားခြင်းမရှိသကဲ့သို့ ပါတီကိုလည်း ငြင်းပယ်ရသည့် အကြောင်းအရင်းအပေါ် တစုံတရာ အသိပေးလာခြင်း မရှိဟု ANP ပါတီ အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။

ထို့ပြင် ယခုကဲ့သို့ ငြင်းပယ်လိုက်ခြင်းသည် စစ်ကောင်စီအနေဖြင့် နိုင်ငံရေးလမ်းကြောင်းက ပို၍ သွေဖည်သွားပုံရောက်ကြောင်းလည်း ၎င်းက ဝေဖန်လိုက်သည်။

“၂၅ ယောက်စလုံးဟာ ကျွန်တော်တို့မှာ ငြိစွန်းမှုရှိရဲ့လားပေါ့နော်။ တခြားပါတီ တွေမှာ ငြိစွန်းတဲ့လူတွေကို ပြန်ပြီးတော့ တခြားလူနဲ့ အစားထိုးလို့ရတယ်။ ရခိုင်အမျိုးသားပါတီကျတော့ ဘာမှအကြောင်းကြားစာ မလာဘဲနဲ့ ဒီအတိုင်း ငြိစွန်းတယ် ဆိုပြီးတော့ ဖျက်ပယ်လိုက်တာကတော့ ကျွန်တော်တို့အနေနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာဖို့ ကြိုးစားနေတဲ့ ပါတီတခုကို ဒီလိုလုပ်တဲ့ဟာက ပိုပြီးတော့ နိုင်ငံရေးလမ်းကြောင်းက သွေဖယ်သွားတဲ့ ပုံစံရောက်တယ်လို့ပဲ မြင်ပါတယ်” ဟု ဆိုသည်။

စစ်ကောင်စီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်းက ပြဌာန်းခဲ့ပြီး ၎င်းတို့ထံ မှတ်ပုံပြန်မတင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကိုလည်း ဖျက်သိမ်းကြောင်း ကြေညာထားသည်။

လက်ရှိတွင် စစ်ကောင်စီက မှတ်ပုံတင်ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ ၄၉ ခုရှိပြီး ပယ်ဖျက်ထားသည့် ပါတီ ၈၀ အထိရှိလာပြီဖြစ်ကြောင်း UEC ၏ ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း။ ။ နောင်နောင်