ဘယ်လိုရွေးကောက်ပွဲမျိုးကို စစ်ကောင်စီခေါင်းဆောင် စိတ်ကူးနေသလဲ

ဓားရိုင်း

စစ်ရှုံးနယ်မြေတွေကျယ်ပြန့်လာနေပေမယ့် စစ်ကောင်စီခေါင်းဆောင်ကတော့ သူ့ရဲ့အန္တိမရည်မှန်းချက်ကိုစွန့်လွှတ် မယ့်ပုံမပေါ်ပါဘူး။ အခုဆိုရင် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ထိုးစစ်ဟာ တောင်ပေါ်ဒေသကနေ မြေပြန့်ဒေသတွေကို တဖြည်းဖြည်းစိမ့်ဝင်လာနေပြီဖြစ်ပါတယ်။ စစ်တပ်သမိုင်းမှာ မကြုံစဖူးအရှုံးတွေနဲ့ ရင်ဆိုင်နေရချိန်ဆိုရင်လည်း မမှားပါဘူး။ ဇွန်လနောက်ဆုံးပတ်စာရင်းတွေအရ တိုင်းစစ်ဌာနချုပ် တခု၊ စစ်ဆင်ရေးဌာနချုပ် သုံးခု၊ နယ်ခြား စောင့်ရဲတပ်ရင်း ခုနစ်ခု၊ တပ်ရင်းဌာနချုပ် ၅၄၅ ခုအနက် ၆၃ ခုကိုသာမက နည်းဗျူဟာဌာနချုပ်တွေနဲ့ တိုင်းစစ် ဌာနချုပ်ရဲ့ ရှေ့တန်းဌာနချုပ်တွေအပါအဝင် ရှေ့တန်းစခန်းပေါင်း ၂,၅၀၀ ကျော်ကို စစ်ကောင်စီ ဆုံးရှုံးထားခဲ့တာ ဖြစ်ပါတယ်။ တနိုင်ငံလုံးအနေနဲ့ မြို့ပေါင်း ၆၀ ကျော်ကို ဆုံးရှုံးထားတာလည်းဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ စစ်ကောင်စီခေါင်းဆောင်ကတော့ ရွေးကောက်ပွဲကျင်းပနိုင်ရေးက အန္တိမရည်မှန်းချက်ဖြစ်ပြီး မဖြစ်ဖြစ်အောင်လုပ် သွားမယ်လို့ကြွေးကြော်နေတာပါ။ မြန်မာပြည်မြေပုံကိုကြည့်ရင် အလယ်ပိုင်းကွက်ကွက် ကလေးသာ စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာ ကျန်တော့တာဖြစ်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲကို နိုင်ငံရေးထွက်ပေါက်အဖြစ်ယူဆထား တဲ့ စစ်ကောင်စီခေါင်းဆောင်ကတော့ ရွေးကောက်ပွဲကျင်းပမယ့် နှစ်ကို တောင် ပထမဆုံးအကြိမ် ထုတ်ပြောလာတဲ့ အထိ ခြေလှမ်းတွေကျယ်လာတာတွေ့ရပါတယ်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ လူဦးရေနဲ့ သန်းခေါင်စာရင်း ကောက်ယူနိုင်ဖို့ဆောင်ရွက်နေပြီး သန်းခေါင်စာရင်းကောက် ယူပြီးရင် ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေတဲ့အကြောင်းကို ရုရှားသတင်းဌာနတခုနဲ့တွေ့ဆုံခန်းမှာ ပြောထားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်အတွင်းကပဲ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက် ညဉ့်သန်းခေါင်ယံအချိန်မှာ သန်းခေါင် စာရင်း စတင်ကောက်ယူမယ့်အကြောင်းကို စစ်ကောင်စီက ကြေညာထားခဲ့ပါတယ်။

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်နဲ့ မြို့နယ်တွေရဲ့လူစည်ကားရာနေရာတွေမှာ စစ်ကောင်စီက ကြော်ငြာဆိုင်းဘုတ်တွေနဲ့ ကြေညာထားခဲ့တာဖြစ်ပါတယ်။ ဒီကြေညာချက်ထွက်မလာခင်ကတည်းက စစ်ကောင်စီခေါင်းဆောင်ဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း သန်းခေါင်စာရင်းကောက်မယ့်အကြောင်းကိုအတည်ပြုခဲ့တာဖြစ်ပြီး လုံခြုံမှုမရှိတဲ့ဒေသ တွေမှာ စစ်တပ်ခေါ်ကာ သန်းခေါင်စာရင်းကောက်သွားမယ်လို့ ဆိုထားခဲ့တာပါ။

ရုရှားသတင်းဌာနနဲ့ တွေ့ဆုံခန်း မှာ စစ်ကောင်စီခေါင်းဆောင် ပြောထားချက်တွေအရဆိုရင် ၂၀၂၅ ခုနှစ်အတွင်း မှာ အတုအယောင်ရွေးကောက် ပွဲကို မဖြစ်ဖြစ်အောင်ဖန်တီးမယ့် လက္ခဏာမျိုး တွေ့နေရပါတယ်။ စစ်တပ်က

အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော် ကာလအတွင်း ပထမဆုံးအကြိမ် ရွေးကောက်ပွဲကျင်းပမယ့်နှစ်ကို အတိအကျ ဖွင့် ပြောလာတာ၊ လက်ရှိဖြစ်ပေါ်နေ တဲ့ နိုင်ငံရေးကိုအကြောင်းပြုပြီး ရွေးကောက်ပွဲကျင်းပဖို့ ဆောင်ရွက်နိုင်တာ မရှိရင် နိုင်ငံဖွံ့ဖြိုးမှုနောက်ကျသွား နိုင်တယ်လို့ဆိုခဲ့တာကိုကြည့်ရင် သူ့လမ်းကြောင်းကိုရောက်အောင်သွားမယ့် အစီအစဉ်ရှိနေတာသေချာပါတယ်။ ဒီနေရာမှာ လက်ရှိနိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ အခင်းအကျင်းတွေအရ အတုအယောင်ရွေးကောက်ပွဲကို စစ်ကောင် စီ ဘယ်လိုကျင်းပသွားမလဲဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်း လာပါတယ်။ ၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်ကလုပ် တဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၂/၂၀၂၃) ကာလုံမှာတော့ ရွေးကောက်ပွဲကျင်းပ နိုင်မယ့် အခင်းအကျင်းနှစ်ခုကို စစ်ကောင်စီခေါင်းဆောင်က ပြောထားခဲ့ဖူးပါတယ်။

ပထမတခုကတော့ လတ်တလော လက်နက်ကိုင်တိုက်ခိုက်မှု၊ မတည်ငြိမ်မှုတွေဖြစ်ပေါ်နေတဲ့ ဒေသတွေကို ချန် လှပ်ပြီး ရွေးကောက်ပွဲကျင်းပတာနဲ့ ဒုတိယတခုကတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ မဖြစ်မနေပြုလုပ်တာဖြစ်ပါ တယ်။ တည်ငြိမ်မှုမရှိတဲ့ဒေသတွေကိုချန်လှပ်ပြီး ကျင်းပသွားမယ်ဆိုရင်တော့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတုန်း ကထက် ရွေးကောက်ပွဲကျင်းပနိုင်တဲ့မြို့နယ်အရေအတွက် ပိုပြီးနည်းပါးသွားနိုင်ပါတယ်။

အကြောင်းကတော့ ရှမ်း ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး မြောက်ဘက်ခြမ်း၊ ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်ခြမ်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားနေတဲ့အတွက် ရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်လို့ပဲဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက မြို့နယ်ပေါင်း ၃၁၅ မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အနက် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက ၃၂၅ မြို့နယ်၊ ၂၀၁၅ ခုနှစ် ရွေးကောက် ပွဲတုန်းက ၃၂၃ မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ပေမယ့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မှာတော့ ၃၁၅ မြို့ နယ်မှာသာ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့တာပါ။၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ တုန်းက လုံခြုံရေးအကြောင်းပြချက်နဲ့ ရွေးကောက်ပွဲမလုပ်နိုင်ခဲ့တဲ့ မြို့နယ် ၁၅ မြို့နယ်အထိရှိခဲ့တာဖြစ်ပါတယ်။

တည်ငြိမ်မှုအားနည်းနေဆဲ ဒေသတွေ ကိုချန်လှပ်ပြီး ကျန်ဒေသတွေမှာရွေးကောက်ပွဲကျင်းပမယ်ဆိုရင် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတုန်းကကျင်းပခဲ့ တဲ့ ၃၁၅ မြို့နယ်ထက် ပိုပြီးနည်းသွားနိုင်ကြောင်းကိုလည်း စစ်ကောင်စီ ခေါင်းဆောင် ကိုယ်တိုင်ဝန်ခံထားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲကျင်းပမှုကနေ ချန်လှပ်ခဲ့တဲ့ သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လွှတ်တော်ခေါ်ယူဖို့၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန် ကြီးချုပ်တွေရွေးချယ်တာ၊ အစိုးရအဖွဲ့ ဖွဲ့စည်း တာ စတဲ့ကိစ္စရပ်တွေမှာ အားနည်းချက်တွေဖြစ်လာမှာဖြစ်သလို အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်တို့ မှာလည်း အလားတူ ဒေသကိုယ်စားပြုတဲ့ ကိုယ်စားလှယ်ပါဝင် မှုမရှိတာ၊ အစိုးရအဖွဲ့ ဖွဲ့စည်းရာမှာ အားနည်း ချက်တွေဖြစ်ပေါ်လာနိုင်တာ စတဲ့အကျိုးဆက်တွေကို ရင်ဆိုင်ရနိုင်တယ်လို့လည်း ဝန်ခံထားခဲ့တာဖြစ်ပါတယ်။

ဒုတိယအခင်းအကျင်းအနေနဲ့ကတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပသွားဖို့ဖြစ်ပါတယ်။ ဒီအခင်းအကျင်းက တော့ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ထင်ပါတယ်။ သူကိုယ်တိုင် ဒုတိယအခင်းအကျင်းအတွက် စိုးရိမ်ပူပန်မှုတွေရှိနေ တာဖြစ်ပါတယ်။ အထူးသဖြင့် တော်လှန်ရေးအရှိန်မြင့်နေတဲ့ဒေသတွေမှာ ရွေးကောက်ပွဲလုပ်ဖို့မဖြစ်နိုင်တာကို ဝန်ခံထားပါတယ်။ ဒါကြောင့် စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲပုံစံဟာ တည်ငြိမ်မှုမရှိတဲ့ဒေသတွေကို ချန် လှပ်ပြီး အပိုင်းလိုက်ရွေးကောက်ပွဲပုံစံမျိုး သွားမလားဆိုတာ စဉ်းစားစရာလည်းဖြစ်နေပါတယ်။

မတ်လ ၁၈ ရက် က ရုရှားသတင်းဌာနနဲ့တွေ့ဆုံမှုမှာလည်း စစ်ကောင်စီခေါင်းဆောင်က နိုင်ငံအတွင်းတည်ငြိမ်တဲ့ဒေသတွေမှာ ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပနိုင်ဖို့ ဆောင်ရွက်နေတယ်ဆိုပြီး ပြောထားပါတယ်။ တိုင်းပြည်တည်ငြိမ်မှု ကောင်းပြီဆိုတာနဲ့ တပြိုင်တည်း မဟုတ်တောင် လုပ်နိုင်တဲ့အပိုင်းလိုက်ကို ဥပဒေနဲ့ အညီ ရွေးကောက်ပွဲကျင်း ပနိုင်ရေးအတွက် ဆောင်ရွက်သွားဖို့ရှိတယ်ဆိုပြီး ပြောထားခဲ့တာပါ။ လက်ရှိ မြန်မာတနိုင်ငံလုံးမှာ စစ်အုပ်ချုပ် ရေးကြေညာထားတဲ့ မြို့နယ်ပေါင်း ၆၀ ရှိလာတာဖြစ်ပါတယ်။ ရန်ကုန်တိုင်းမှာ ခြောက်မြို့နယ်၊ ချင်းပြည်နယ်မှာ ရှစ်မြို့နယ်၊ စစ်ကိုင်းတိုင်းမှာ ၁၄ မြို့နယ်၊ ပဲခူးတိုင်းမှာ ငါးမြို့နယ်၊ မကွေးတိုင်းမှာ ငါးမြို့နယ်၊ ကယားပြည်နယ် မှာ လေးမြို့နယ်၊ မွန်ပြည်နယ်မှာ တမြို့နယ်၊ ကရင်ပြည်နယ်မှာ နှစ်မြို့နယ်၊ တနင်္သာရီတိုင်းမှာ နှစ်မြို့နယ်နဲ့ ရှမ်းပြည်နယ်မှာ ၁၃ မြို့ နယ်တို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားခဲ့တာဖြစ်ပါတယ်။

စစ်အုပ် ချုပ်ရေးကြေညာခံထားရတဲ့ တိုင်းနဲ့ ပြည်နယ် ၁၀ ခုအနက် စစ်ကိုင်းတိုင်းက မြို့နယ် ၁၄ မြို့နယ်နဲ့ အများဆုံး ကြေညာခံထားရပြီး ရှမ်းပြည်နယ်က မြို့ နယ် ၁၃ မြို့နယ်နဲ့ ဒုတိယ၊ ချင်းပြည်နယ်က မြို့နယ် ရှစ်မြို့နယ်နဲ့ တတိယ၊ ရန်ကုန်တိုင်းက ခြောက်မြို့နယ်နဲ့ စတုတ္ထ အသီးသီး ကြေညာခံထားရတာပါ။

ဒါ့အပြင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မြို့နယ် ၃၃၀ ရှိတဲ့အနက် ၁၀၀ ရာခိုင်နှုန်း တည်ငြိမ်အေးချမ်းတဲ့ မြို့နယ် ၁၉၈ မြို့နယ်ရှိပြီး လုံခြုံရေး အလေးထားဆောင်ရွက်ရမယ့် မြို့နယ် ၆၇ မြို့နယ်နဲ့ လုံခြုံရေး ထိထိရောက်ရောက် ဆောင်ရွက်ရမယ့် မြို့နယ် ၆၅ မြို့နယ်ရှိကြောင်းကိုလည်း ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်ကလုပ်တဲ့ ကာလုံအစည်း အဝေးမှာဆိုခဲ့ဖူး တာဖြစ်ပါတယ်။ လတ်တလောမှာလည်း စစ်ကောင်စီအနေနဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကိုကြုံနေရပြီး မန္တ လေးနဲ့ ပြင်ဦးလွင်ကို ခြိမ်းခြောက်ခံနေရပြီဖြစ်ပါတယ်။

ဒီအခြေအနေမှာ စစ်ကောင်စီက မဖြစ်ဖြစ်အောင် ကျင်းပ မယ်ဆိုတဲ့ အတုအယောင်ရွေးကောက်ပွဲဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ မဖြစ်နိုင်တာကတော့သေချာနေပါတယ်။ တဖြည်းဖြည်းကျယ်ပြန့်လာတဲ့ စစ်ရှုံးနယ်မြေတွေကြားမှာ အပိုင်းလိုက်ရွေးကောက်ပွဲကို ဘယ်လိုပုံစုံနဲ့ ပုံဖော်လာ နိုင်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။