တနင်္သာရီတိုင်း စစ်မှုထမ်းပထမအသုတ် လူ ၂၆၀ ခေါ်

ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်းရန် ခေါ်ဆောင်ထားသူအချို့ကို စစ်ကောင်စီတပ်ရင်းအတွင်း ပြီးခဲ့သည့် မတ်လ ၂၅ရက်က တွေ့ရစဉ်

ကိုရွှေမြိတ်

မဇ္ဈိမ။ ။ တနင်္သာရီတိုင်းအတွင်း စစ်မှုထမ်းပထမအသုတ်အနေဖြင့် လူဦးရေ ၂၆၀ ကို စစ်ကောင်စီက ခေါ်ယူမည်ဖြစ်ပြီး လာမည့် ဧပြီလတွင် သင်တန်းပေးမည်ဟု စုံစမ်းသိရှိရသည်။

ထားဝယ်ခရိုင်၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့ရှိ စုစုပေါင်း ၁၀ မြို့နယ်မှ ၂၆၀ဦးကို စစ်မှုထမ်းရန် စစ်ကောင်စီက စုစည်းထားပြီး ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်နေကြောင်း၊မြိတ်မြို့နယ်မှအများဆုံးပါဝင်ကြောင်းဒေသခံသတင်းရင်းမြစ်များကပြောသည်။

“ဒီနေ့ပဲ စာရင်းပေါက်ထားတဲ့ လူတွေကို ဆေးစစ်ဖို့ အတွက် ရပ်ကွက်အုပ်ကြီးဆီကို ပို့ဆောင်ပေးခဲ့တယ်”လို့ မြိတ်မြို့မှ ရာအိမ်မှူးတဦးက ယနေ့ မတ်လ ၂၈ရက်တွင် ပြောသည်။

မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စုမှ လူဦးရေ ၈၀ ကျော်ကို စစ်ကောင်စီစစ်ဆေးရုံတွင် ယနေ့ ဆေးစစ်မှုစတင်ပြုလုပ်ခဲ့ပြီး ကော့သောင်းမြို့နယ်ရှိ ရပ်ကွက်အချို့တွင်လည်း အလားတူပြုလုပ်နေကြောင်း ဒေသခံများနှင့် ရာအိမ်မှူး အချို့ထံမှ သိရ သည်။

စစ်မှုထမ်းရန် ပထမအသုတ်စစ်သင်တန်းကို လာမည့် ဧပြီလတွင်ပြုလုပ်မည်ဟုတနင်္သာရီတိုင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

စစ်မှုထမ်းရမည့်စာရင်း၌ ပျူစောထီးမိသားစုဝင်အများစုပါကာ အတင်းအကျပ်ခေါ်ဆောင်ခံရခြင်း၊ မဲနှိုက်ခြင်းနှင့် ငွေကြေးယူ၍ လူစားထိုးခြင်းများကြောင့်လည်း လိုက်ပါလာသူများလည်းရှိကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများကပြောသည်။

” စစ်ကောင်စီရဲ့ လုပ်ရပ်က ပြည်သူ အချင်ချင်း ရန်တိုက်ပေးတဲ့ သဘောပဲ။ ကျွန်တော်ကတော့ အဲ့လိုပဲ သုံးသပ်တယ်။နောက်တခုက တတိယနိုင်ငံလို့ ပြောလို့ရတဲ့ ထိုင်းတို့၊ မလေးတို့ ရောက်သွားတဲ့ ပြေးရှောင်နေကြရတာလည်း ရှိပါတယ်။ လွတ်မြောက်နယ်မြေမှာ လာရောက်ပြီးတော့ ခိုလှုံနေကြတာလည်း ရှိသလို အချို့ဆိုလည်း တော်လှန်ရေး အင်အားစုဘက်ကို ဆက်သွယ်ပြီး ပူးပေါင်းလာတာလည်း ရှိနေပါတယ်။ အဓိကကတော့ သူတို့ လက်ထဲ ပါသွားတဲ့ ပြည်သူတွေကိုကျတော့ ကျ‌နော်တို့လည်း ဘာမှမကူညီပေးနိုင်သလို ပြည်သူအချင်ချင်းကို ရန်တိုက်ပေးတယ်လို့ ပြောချင်တယ်” ဟုတနင်္သာရီအခြေစိုက် SBA တောင်ပိုင်းညီနောင်စစ်ကြောင်းအဖွဲ့သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုစိုင်းညီက ပြောသည်။

စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ရက်တွင် ထုတ်ပြန်ပြီးနောက် နေပြည်တော်၊ ရန်ကုန်အပါအဝင် ပြည်နယ်နှင့်တိုင်းများမှ လူငယ်များကို စစ်မှုထမ်းရွေးချယ်ရေးအဖွဲ့က မှတ်ပုံတင်စာရင်းသွင်းရန်ဆင့်ခေါ်ခြင်း၊ နေရာအချို့တွင် မဲနှိုက်ရွေးချယ်ခြင်းများ ပြုလုပ်‌‌နေသည်။ သင်တန်းအပတ်စဉ်တခုလျှင် အင်အား ၅,၀၀၀ နှုန်းဖြင့် တနှစ်လျှင် အင်အား ၆၀,၀၀၀ နှုန်း ခေါ်ယူရန် လျာထားကြောင်း စစ်ကောင်စီဘက်က ပြောဆိုထားသည်။

စာတည်း – အေးချမ်း