ဘယ်လိုရွေးကောက်ပွဲမျိုးကို စစ်ကောင်စီခေါင်းဆောင် စိတ်ကူးနေသလဲ

စစ်ရှုံးနယ်မြေတွေကျယ်ပြန့်လာနေပေမယ့် စစ်ကောင်စီခေါင်းဆောင်ကတော့ သူ့ရဲ့အန္တိမရည်မှန်းချက်ကိုစွန့်လွှတ် မယ့်ပုံမပေါ်ပါဘူး။ အခုဆိုရင် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ထိုးစစ်ဟာ တောင်ပေါ်ဒေသကနေ မြေပြန့်ဒေသတွေကို တဖြည်းဖြည်းစိမ့်ဝင်လာနေပြီဖြစ်ပါတယ်။

စစ်တပ်သမိုင်းမှာ မကြုံစဖူးအရှုံးတွေနဲ့ ရင်ဆိုင်နေရချိန်ဆိုရင်လည်း မမှားပါဘူး။

ဇွန်လနောက်ဆုံးပတ်စာရင်းတွေအရ တိုင်းစစ်ဌာနချုပ် တခု၊ စစ်ဆင်ရေးဌာနချုပ် သုံးခု၊ နယ်ခြား စောင့်ရဲတပ်ရင်း ခုနစ်ခု၊ တပ်ရင်းဌာနချုပ် ၅၄၅ ခုအနက် ၆၃ ခုကိုသာမက နည်းဗျူဟာဌာနချုပ်တွေနဲ့ တိုင်းစစ် ဌာနချုပ်ရဲ့ ရှေ့တန်းဌာနချုပ်တွေအပါအဝင် ရှေ့တန်းစခန်းပေါင်း ၂,၅၀၀ ကျော်ကို စစ်ကောင်စီ ဆုံးရှုံးထားခဲ့တာ ဖြစ်ပါတယ်။

တနိုင်ငံလုံးအနေနဲ့ မြို့ပေါင်း ၆၀ ကျော်ကိုဆုံးရှုံးထားတာလည်းဖြစ်ပါတယ်။