နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၂၁ ဒီဇင်ဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ
အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုရီးယား၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးတို့ ပူးပေါင်းပြီး ရွှေ့ပြောင်းအလုပ်သမား ရေးရာ အသိအမြင်မြှင့်တင်ရေး စကားဝိုင်းကို ဒီဇင်ဘာ ၂၃ ရက် မြန်မာစံတော်ချိန် ၅ နာရီတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်အတွင်း ကျေးရွာတစ်ရွာက စစ်ဘေးရှောင်ပြည်သူများ အတွက် ခြုံစောင်နှင့် အနွေးထည်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီ နှင့် မန္တလေးတိုင်း၊ မကွေးတိုင်းတို့တွင်ရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေးကို ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ကြသည်။
စစ်အာဏာရှင်ပြုတ်ကျရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ပေါ်ပေါက်ရေး လက်တွဲလုပ်ကိုင် လို‌ကြောင်း NUG ကာကွယ်ရေး ၀န်ကြီးဌာနက ဝပြည်သွေးစည်းညီညွတ်ရေး ပါတီ (UWSP) တည်ထောင်ခြင်း (၃၅) နှစ်ပြည့် အခမ်းအနားသို့ သ၀ဏ်လွှာ ‌ပေးပို့ခဲ့သည်။
တော်လှန်ရေး လှုပ်ရှားမှုများ
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဝင်းဝရဲစခန်းမှ ရဲတပ်သားတဦး လက်နက်နှင့်အတူ CDM ပြုလုပ် ပူးပေါင်းလာကြောင်း ပုတီးတလုံးပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ရိက္ခာပို့ရန်လာသည့် ယာဉ် ၂၄ စီးပါ စစ်ကောင်စီယာဉ်တန်းကို နှစ်ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးသီးများကြဲချတိုက်ခိုက်ခဲ့ကြောင်း Kingsman UG Force -M.M အဖွဲ့ ထံမှ သိရသည်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မရဲစခန်းတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် ရဲတပ်ရင်း (၂၈)မှ တပ်သားကိုအေးမင်း(ခ)မှုံကြီးသည် လက်နက်အပြည့်အစုံဖြင့် ကာကွယ်ရေးတပ်ဖွဲ့များ နှင့်ချိတ် ဆက်ကာ CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း သိရသည်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မန္တလေးနန်းတွင်းကို ယနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက်အစောပိုင်းတွင် (၁၀၇) မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defence Force—NMD တာဝန်ရှိသူက မဇ္ဈိမကို အတည်ပြုသည်။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ညောင်ပင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ် မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် ဗုံးချတိုက်ခိုက်ခံရ၍ အခြားကျေးရွာပြောင်းရွှေ့တပ်စွဲထားကြောင်း သိရသည်။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ်လူထုသပိတ်စစ်ကြောင်းနှင့် ဒေသခံပြည်သူ များ က ရဲဘော်မင်းမင်းထက် (ခ) ဖက်တီး ကျဆုံးခြင်း (၆)လပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ကို ယနေ့ (ဒီဇင်ဘာ ၂၁) ချီတက်ဆန္ဒပြခဲ့ကြသည်။
စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ဝင်းကြီးရွာကို အကြမ်းဖက် စစ်တပ်က စစ် ကြောင်းထိုးဝင် ရောက် ပြီး နေအိမ်များကို မီးရှို့နေကြောင်း Kawlin Revolution-KR အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ်လူထုတွေ ဦးဆောင်သည့် အားမာန်သစ်သပိတ်‌စစ်ကြောင်း သည် ရဲဘော်မင်းမင်းထက် (ခ) ဖက်တီး ကျဆုံးခြင်း ၆ လပြည့် ဝမ်းနည်းခြင်း အခမ်းအနား ကျင်းပ ခြင်းနှင့် အကြမ်းဖက်စစ်တပ်၊ မီးရှို့စစ်တပ်ကို အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တစ်ခုအား လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးကြောင်း Dawei Guerrilla Revolutionary Force – DGRF (ထားဝယ်-ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသတွင် အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ကြသော်လည်း တိုက်ပွဲ များဆက်ဖြစ်နေတာကြောင့် ထိန်းထိန်းသိမ်းသိမ်းလုပ်ကြရန် တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Wang Wenbin က တောင်းဆိုလိုက်သည်။
တိုင်းရင်းသား လက်နက်ကိုင်များ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက်၊ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ခလရ (၂၈၃) တပ်ရင်းမှ ဒုတပ်ကြပ် ရဲကိုကိုသည် KNU တပ်မဟာ (၆)၊ ကွန်မန်ဒိုတပ်ဖွဲ့ထံသို့ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ လက်နက်ခဲယမ်းများနှင့်အတူ လာရောက် ပူးပေါင်းခဲ့သည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) နယ်မြေ၊ ဖာပွန်ခရိုင် (မူတြော်)၊ သံလွင်မြစ် ကမ်းဘေးရှိ စစ်ကောင်စီတပ်​၏ ပွိုင့် (၉၃၉) မိုလိုကျိုး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ပိုင်ဆိုင်သည့် လက်နက်များ သိမ်းဆည်းရမိကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။
ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် နမ့်ခိုင်တံတားကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကချင် လွတ်လပ်ရေး တပ်မတော်(KIA) တပ်နေရာယူထားသည်ဟု KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ပြောဆိုချက်ကို ကိုးကား၍ People’s Spring သတင်းတွင် ဖော်ပြထားသည်။
ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီအကြား တိုက်ပွဲဖြစ်နေသည့် ရက္ခိုင်ဒေသများ၌ အရပ်သား ပြည်သူများကို ဖိနှိပ်အနိုင်ကျင့်မှုများကို စစ်ကောင်စီက ဆက်လက်လုပ်ဆောင်နေ ကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့က သတင်းထုတ်ပြန်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာ ၁၉ရက်မှ ဒီဇင်ဘာ ၂၀ရက်နေ့အတွင်း စစ်ကောင်စီ တပ်စခန်း ၈ခုနှင့် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်စခန်း အချို့ကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA) က တိုက်ခိုက်သိမ်းယူထားကြောင်း KIA သတင်းပြန်ကြားရေးဌာနကယမန်နေ့(​​ဒီဇင်ဘာ ၂၀) တွင် အသိပေးဖော်ပြသည်။
စစ်ကောင်စီ
လက်ရှိတွင် အင်အားကြီးနိုင်ငံတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံများကို သြဇာခံပုဆိန်ရိုးများ၊ ကြိုးဆွဲခံ ရုပ်သေးရုပ်များဖြင့် ထိုးဖောက်ဝင်ရောက်ကာ လူမျိုးရေး၊ ဘာသာရေးမှိုင်းတိုက်ပြီးနောက် မတည်မငြိမ်ဖြစ်ရန် လုပ်ကြံဖန်တီးနေကြောင်း စစ်ခေါင်းဆောင်က စွပ်စွဲပြောဆိုလိုက်ပြန်သည်။
မွန်ပြည်နယ်တွင် ထွေအုပ်အရာရှိတစ်ဦးအပါအဝင် စစ်​ကောင်စီဝန်ထမ်းသုံးဦးနှင့် လူမှုကူညီရေး အသင်းဥက္ကဋ္ဌတစ်ဦးကို PDF ထောက်ခံအားပေးသည်ဟုဆိုကာ စစ်ကောင်စီက ယခုရက်ပိုင်း ဖမ်းဆီးသွားပြီး အားလုံးသည် မိသားစုဝင်များနှင့် တွေ့ဆုံခွင့်ပိတ်ပင်ခံထားရသည်ဟု People’s Spring သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်ဒေါ်လာသန်း ၃၀၀ ခန့် ရင်းနှီးမြှုပ်နှံမည့် မြိတ်မြို့ နိုင်ငံတကာအဆင့်မီ အပြည်ပြည် ဆိုင်ရာ ငါးလေလံဈေးနှင့် စက်မှုဇုန်စီမံကိန်းအတွက် ဖြစ်မြောက်နိုင်စွမ်းကို လေ့လာဆောင် ရွက်တော့မည်ဟု တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရသည်။
ဂျပန်နိုင်ငံမှာ အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများအနေ ဖြင့် လစဉ်ဝင်ငွေခွန်အဖြစ် ယန်း ၁,၀၀၀ကနေ ယန်း ၂,၀၀၀အထိ ပေးဆောင်ရမည်ဟု မြန်မာသံရုံးက ထုတ်ပြန်လိုက်သည်။
၂၀၂၃ ခုနှစ် တစ်နှစ်နီးပါးကာလအတွင်း နှစ်စဉ်အစီရင်ခံစာတင်ပြရန် ပျက်ကွက်သည့် ကုမ္ပဏီ ၆၀၀၀ ကျော်ကို မှတ်ပုံတင်စာရင်းက ပယ်ဖျက်ခဲ့ကြောင်း စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။
ရန်ကုန်တွင် ခရီးသွားများ လည်ပတ်စရာနေရာအဖြစ် ခရီးစဉ်ဒေသအားလုံးပေါင်း ၃၇ နေရာ အထိ ဖော်ဆောင်ထားကြောင်း စစ်ကောင်စီ ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန မှသိရသည်။
ဒီဇင်ဘာ၂၁ သုံးသပ်ချက်
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ မြို့များစခန်းများ ဆက်တိုက်အသိမ်းခံ နေရသည့်အတွက် ၎င်း၏ ညံ့ဖျင်းမှုကို ဖုံးကွယ်ရန် အင်အားကြီးနိုင်ငံများကို အပြစ်တင် ဝေဖန်ပြော ဆိုနေသည်ကို တွေ့ရသည်။
နိုင်ငံအနှံ့စစ်ဖြစ်နေခြင်းကြောင့် ခရီးသွားလုပ်ငန်းများ အလုပ်မဖြစ်၍ ဝန်ကြီးဒေါ်သက်သက်ခိုင် ၏ ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနမှ ရန်ကုန်မြို့တွင်း လည်ပတ်စရာ ၃၇ နေရာ ဖော်ဆောင်ထား ကြောင်း ဆိုထားသည်။ယင်းအခြေအနေနှင့်ပတ်သက်၍ ရန်ကုန်ဒေသခံများက စစ်ကောင်စီ လက်ထက် လုယက်မှုများ များပြား၍ မြို့ခံများတောင် ညနေဘက်မထွက်ရဲချိန်စစ်ကောင်စီ ဟိုတယ်ခရီး၏ အစီအစဉ်အပေါ် ဝေဖန်နေကြသည်။