မြန်မာမှယူအေအီးအထိ အပြစ်မဲ့နေရပ်စွန့်ခွာသူများကို သားကောင်ဖြစ်စေသည့် တရုတ်ရာဇဝတ်ဂိုဏ်းများ၏ ရက်စက်ယုတ်မာသော ကွန်ရက်

The Hong Kong Post

နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို ကြောက်မက်ဖွယ် ဖော်ထုတ်မှုတခုတွင် မြန်မာနိုင်ငံ၏ ဝေးလံခေါင်ဖျားသော ဒေသများမှသည် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ၏ မီးရောင်စုံလင်းထိန်နေသည့် မြို့ကြီးများအထိ ဖြန့်ကြက်ထားသော တရုတ်ရာဇဝတ်ဂိုဏ်းများ၏ မသိမသာစိမ့်ဝင်ကူးစက်ပျံ့နှံ့နေသည့် စစ်ဆင်ရေးများကို ဖော်ထုတ်တွေ့ရှိထားသည်။ နာမည်ဆိုးဖြင့်ကျော်ကြားသော ကွန်ရက်များသည် လှည့်စားခြင်း၊ ခေါင်းပုံဖြတ်ခြင်းနှင့် မျက်မှောက်ခေတ် ကျွန်စနစ်ကွန်ရက်ထဲသို့ ဖြားယောင်းခြင်းဖြင့် အန္တရာယ်ကိုကြိုမမြင်သည့် နေရပ်စွန့်ခွာသူများကို အနိုင်ကျင့်အမြတ်ထုတ်နေကြသည်။ ယူအေအီးရှိ အာ့ဂျ်မန်ရဲတပ်ဖွဲ့သည် ၂၀၂၄  ခုနှစ် ဧပြီလ ၂၀ ရက်နေ့က အာ့ဂျ်မန်မြို့ရှိ လူနေအဆောက်အအုံ အာ့ဂျ်မန်-ဝမ်း အထပ်မြင့်တိုက်မှ အိန္ဒိယနှင့်ပါကစ္စတန်နိုင်ငံသား ၁၅၀ ဦးနှင့်အတူ တရုတ်နိုင်ငံသား ၃၀  မှ ၃၅ ဦးခန့်ကို ဖမ်းဆီးနိုင်ခဲ့သည်။ အဆိုပါ ဖြစ်ရပ်သည် ထိုရာဇဝတ်ဂိုဏ်းများ၏ လူမဆန်စွာ ပြုမူဆက်ဆံမှုအား လုံးလုံးလျားလျား အမှတ်ရစေသည့် မြင်ကွင်းတခုဖြစ်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်စဉ်အတွင်း တရုတ်နိုင်ငံသားများကို လဟာပြင်၌ အပေါ်ပိုင်းအဝတ်ဗလာဖြင့်  ထိုင်ခိုင်းထားသည်။

စုံစမ်းစစ်ဆေးမှုများအရ တရုတ်နိုင်ငံသားများသည် အန္တရာယ်ကို မမှန်းဆနိုင်သည့် ဥရောပတိုက်သားများကို ပစ်မှတ်ထားကာ ငွေကြေးဆိုင်ရာ အတုအယောင်ဖုန်းခေါ်ဆိုမှုများ ပြုလုပ်သည့် ဆိုးရွားသောစစ်ဆင်ရေးတွင် အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံသားများအား ပါဝင်ပတ်သက်စေခဲ့သည်။ စစ်ဆင်ရေး၏ အတိုင်းအတာသည် အလွန်ကြီးမားကျယ်ပြန့်သဖြင့် အမေရိကန်အစိုးရကပင် သတိထားမိခဲ့ကာ ယူအေအီးမှ ထိုကိစ္စများ ထွက်ပေါ်လာခြင်းအား တားဆီးနိုင်ရေးအတွက် တင်းကျပ်သောစီမံချက်များပြုလုပ်ရန် ယူအေအီးအာဏာပိုင်များအား အလျင်စလို အကြံပြုခဲ့သည်။  ကနဦးရဲတပ်ဖွဲ့၏ ဖြိုခွင်းမှုနှင့် သတိပေးချက်များလုပ်ဆောင်ခဲ့သည်တိုင် ကျူးလွန်သူတရုတ်နိုင်ငံသားသည် မဖြုံဘဲ ယုတ်မာသော လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ၎င်းတို့သည် အခြေစိုက်စခန်းကို အာ့ဂျ်မန်-ဝမ်း တာဝါမှ ထိုမြို့ရှိ Grand Mall ကုန်တိုက်အနီးသို့ ပြောင်းရွှေ့ခဲ့ကြပြီး ထိုရာဇဝတ်ဂိုဏ်းများ လုပ်ဆောင်နေသည့် အတင့်ရဲမှုနှင့်ပြစ်ဒဏ်ကင်းလွတ်မှုတို့ကို မီးမောင်းထိုးပြနေသည်။

အဆိုပါတရုတ်ရာဇဝတ်မှုကွန်ရက်များ လုပ်ကိုင်လည်ပတ်သည့် နည်းစနစ်သည် ခေါင်းပုံဖြတ်သကဲ့သို့ပင် ကလိမ်ကကျစ်ကျလှသည်။ တရုတ်သည် အန္တရာယ်ကို မမြင်သော ဖြားယောင်းခံရသည့် အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံသားများကို စွဲမက်ဖွယ်လစာကတိကဝတ်များဖြင့် ဖြားယောင်းပြီး ၎င်းတို့အား နေစားငြိမ်းဖြင့် တလလျှင် ယူအေအီး ဒီးနား ၃,၀၀၀ ပေးသည်။ အလည်အပတ် သို့မဟုတ် ခရီးသွားဗီဇာဖြင့် လာသော သားကောင်များမှာလည်း  ဗီဇာသက်တမ်းတိုးခြင်းအားဖြင့် ထောင်ချောက်ထပ်ဆင်ခံရကာ  လုံခြုံမှုကင်းမဲ့စွာဖြင့် တရားမဝင် နေထိုင်နေရသည်။  ပူးပေါင်းပါဝင်သူတရုတ်များက သားကောင်များကိုရွေးချယ်ရန် ကွန်ပျူတာကျွန်းကျင်မှုစမ်းသပ်ခြင်းနှင့် အင်တာဗျူးများလုပ်ဆောင်ကြပြီး လူရွေးချယ်ခန့်အပ်သည့်လုပ်ငန်းစဉ်ကပင် အတုအယောင်ဖြစ်သည်။ ထိုတရုတ်ရာဇဝတ်ဂိုဏ်းများ၏ စက်ကွင်းများသည် ယူအေအီးကိုကျော်လွန်ပြီး ၎င်းတို့၏ စစ်ဆင်ရေးများက မြန်မာနိုင်ငံအတွင်းရှိ ဥပဒေမဲ့ဒေသများတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသည်။ ရှမ်းပြည်မြောက်ပိုင်း နယ်စပ်တလျှောက်ရှိ ငွေလိမ်လုပ်ငန်းများကို တရုတ်၏ နှိမ်နင်းမှုကြောင့် အဆိုပါ ဒုစရိုက်လုပ်ငန်းအများအပြားသည် ကရင်ပြည်နယ်သို့ ရောက်ရှိသွားသည်။ လိမ်လည်မှုလုပ်ငန်းစု၏ အဆောက်အအုံများမှဖမ်းဆီးမိသော ရာဇဝတ်ဂိုဏ်းခေါင်းဆောင်များအပါအဝင် တရုတ်နိုင်ငံသား ၄၅,၀၀၀ ကို နေရပ်ပြန်ပို့မှုက အဆိုပါလုပ်ငန်းများတွင် မြန်မာစစ်တပ်၏ အကျိုးအမြတ် ပါဝင်ပတ်သက်နေကြောင်း တရုတ်အာဏာပိုင်များအား သိရှိစေခဲ့သည်။ ထို့ကြောင့် တရုတ်က အကြီးပိုင်းစစ်အရာရှိများကို ဖမ်းဆီးရန် တောင်းဆိုလာခဲ့ကာ ယင်းက စစ်အုပ်စုကို အရှက်ရစေခဲ့ပြီး ရာဇဝတ်မှုများကို ကာကွယ်ရမည့် စစ်တပ်၏စွမ်းရည် ယုတ်လျော့နေသည်ကို တွေ့ရသည်။

ရှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်ကဲ့သို့သော ဒုစရိုက်နယ်မြေများတွင် လိမ်လည်မှုစစ်ဆင်ရေးပျက်သုဉ်းသွားသဖြင့် ထိုလုပ်ငန်းများသည် ဒေသတွင်း အခြားနိုင်ငံများဖြစ်သည့် လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ အထိ ခြေဆန့်သွားကာ မြန်မာနိုင်ငံအတွင်းမှာလည်း ပြန်လည်ရှင်သန်လာသည်။ အဆိုပါဒုစရိုက်စစ်ဆင်ရေးအများစုသည် ကရင်ပြည်သူ့စစ်များ အခြေစိုက်ရာ ထိုင်းနယ်စပ်တလျှောက်ရှိ ကရင်ပြည်နယ် ဥပဒေမဲ့ဇုန်များသို့ ရောက်ရှိသွားသည်။ ကရင်ပြည်သူ့စစ်များသည် ၎င်းတို့၏ ဒုစရိုက်အင်ပါယာကို ပိုမိုခိုင်မာတောင့်တင်းစေရန် စစ်ကောင်စီနှင့် ခပ်တန်းတန်းနေကြသည်။ လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးနှင့် နိုင်ငံခြားသားများ ပါဝင်သည့် ကရင်ပြည်နယ်အတွင်းရှိ အငြင်းပွားဖွယ် အကျိုးစီးပွားဆိုင်ရာ ရှုပ်ထွေးသောကွန်ရက်ကြောင့်  တရားဥပဒေစိုးမိုးရေးတာဝန်ရှိသူများသည် ထိုရာဇဝတ်မှုကွန်ရက်များကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန်  ပိုမိုအခက်တွေ့လာသည်။ ယခုအခါတွင် ကရင်အမျိုးသား တပ်မတော် (KNA) အဖြစ် အမည်ပြောင်းထားသည့် ကရင်နယ်ခြားစောင့်တပ် (BGF) မှ  စောချစ်သူ၊ မုတ်သုံနှင့် တင်ဝင်း ကဲ့သို့‌သော အဓိကပုဂ္ဂိုလ်များသည် တရုတ်ဦးဆောင်သော ရာဇဝတ်လုပ်ငန်းများအတွက် နေရာ၊ လုံခြုံရေးနှင့် အထောက်အပံ့များ ပေးအပ်ရာတွင် တိုက်ရိုက် ပါဝင်ပတ်သက်နေသည်။ ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (DKBA) ကဲ့သို့သော အဖွဲ့များမှ ပုဂ္ဂိုလ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ဆက်စပ်နေသည့် ပုဂ္ဂိုလ်များပင်လျှင် အဆိုပါ ဆိုးညစ်သော ကွန်ရက်တွင် ပါဝင်ပတ်သက်နေသည်။ ကရင်ပြည်နယ်၏အခြေအနေက နိုင်ငံတကာ၏ အရေးတကြီးအလေးထားမှုနှင့်စုပေါင်းတုံ့ပြန်မှု လိုအပ်ကြောင်း ပြသနေသည်။ ထိုရာဇဝတ်မှုကွန်ရက်များကို ဖျက်သိမ်းရန် ထိရောက်ပြီး လျင်မြန်သော မဟာဗျူဟာတရပ်ကို အကောင်အထည်ဖော်ရာတွင် အမေရိကန်နှင့် ဒေသတွင်းအစိုးရများ အထူးသဖြင့် ထိုင်းနိုင်ငံတို့က ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်ရန် အရေးကြီးသည်။ ကရင်ပြည်နယ်အတွင်းရှိ ထိုဒုစရိုက်မြုံများသို့ ဝန်ဆောင်မှုများ ဖြတ်တောက်ရန်၊ ကျူးလွန်သူများအား ဖမ်းဆီးရုံးတင်နိုင်ရေး နိုင်ငံတကာ ဥပဒေစိုးမိုးရေးအထူးတပ်ဖွဲ့ ထူထောင်ရန်၊ ငွေလိမ်လုပ်ငန်းများမှ ကျွန်လုပ်သားများ  နေရပ်သို့ အလျင်အမြန် ပြန်လည်ပို့ဆောင်ရေး လွယ်ကူချောမွေ့စေရန်နှင့် အရှေ့တောင်အာရှတဝန်းနှင့် ထိုကွန်ရက်များကြား ချိတ်ဆက်မှုကို ဟန့်တားနှောင့်ယှက်ရန် နိုင်ငံတကာကြိုးပမ်းအားထုတ်မှု လိုအပ်သည်။

ထို့ပြင် KNA နှင့် DKBA တို့၏ ထိန်းချုပ် လွှမ်းမိုးနိုင်ရန် ကြိုးပမ်းမှုများကို ဟန့်တားရင်း ကျူးလွန်သူများကို စုံစမ်းစစ်ဆေးရန်၊ တားဆီးရန်နှင့်ဖမ်းဆီးရန်  KNU ရဲတပ်ဖွဲ့အား စွမ်းရည်မြှင့်တင်ရေးအတွက် အကူအညီအများအပြားပေးသင့်သည်။ ကရင်ပြည်နယ်အတွင်းရှိ ငွေလိမ်လုပ်ငန်းများမှ အဓိကကြိုးကိုင်သူများကို ဒဏ်ခတ်အရေးယူရာတွင် ဗြိတိန်လုပ်ဆောင်ခဲ့သော ဥပမာအတိုင်း တခြားနိုင်ငံများကလည်း ပြတ်ပြတ်သားသား အရေးယူရပေမည်။ မြန်မာနိုင်ငံမှ ယူအေအီးအထိ လှုပ်ရှားနေသော တရုတ်ရာဇဝတ်ဂိုဏ်းများကို ဖော်ထုတ်လိုက်မှုသည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ၏ လျှို့ဝှက်ချက်အကြောင်း ကျောချမ်းဖွယ် သတိပေးချက်ပင်ဖြစ်သည်။  ငွေလိမ်ဂိုဏ်းများအား ဖမ်းဆီးဖော်ထုတ်လိုက်ခြင်းသည် အပြစ်မဲ့နေရပ်စွန့်ခွာသူများအပေါ် အမြတ်ထုတ်ကာ မျက်မှောက်ခေတ်ကျွန်စနစ်ထဲသွတ်သွင်းသည့် ဆိုးရွားယုတ်ညံ့သောကွန်ရက်များကို တိုက်ဖျက်ရာတွင် ပူးပေါင်းကြရန် နိုင်ငံတကာအသိုက်အဝန်းအား လှုံ့ဆော်လိုက်ခြင်းပင်ဖြစ်သည်။ စုပေါင်းကြိုးပမ်းအားထုတ်မှုများ၊ အချက်အလက်များမျှဝေမှုနှင့် မယိမ်းယိုင်သောကတိကဝတ်များဖြင့်သာ အဆိုပါဒုစရိုက်အင်ပါယာများကို ချေမှုန်းပြီး ပစ်မှတ်ထားလွယ်သူများကို ၎င်းတို့လက်မှ ကာကွယ်နိုင်ပေမည်။ တရုတ်ရာဇဝတ်ဂိုဏ်းများ၏ ရက်စက်ကောက်ကျစ်သော ကွန်ရက်ကြောင့် ဘဝများစွာ ထပ်မံ မပျက်စီးမီ ယခုအချိန်သည် အရေးတယူလုပ်ဆောင်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။