ဘီးလင်းမြို့နယ် ထွေအုပ်ရုံး ဒရုန်းဖြင့် ဗုံးကြဲခံရ​၍ အဆောက်အဦ ပျက်စီး

ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် ဘီးလင်းမြို့နယ် ထွေအုပ်ရုံး အဆောက်အဦတခု (ဓါတ်ပုံ- လူမှုကွန်ရက်)

YT

(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဆရာစံရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဒရုန်းဖြင့် ဗုံးကြဲခံရသဖြင့် အဆောက်အဦ ပျက်စီးသွားကြောင်း ဒေသခံများနှင့် တော်လှန်ရေးသတင်းရင်းမြစ်ထံက သိရသည်။

ယမန်နေ့ (ဧပြီလ ၉ ရက်) နံနက် ၉ နာရီ ၄၅ မိနစ်အချိန်က ဒရုန်းဖြင့် ဗုံးသီးသုံးလုံး ဘီးလင်းထွေအုပ်ရုံး​ဝင်းအတွင်းရှိ အဆောက်အဦတခုပေါ် ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

၎င်းပေါက်ကွဲမှုကြောင့် ထွေအုပ်ရုံးအဆောက်အဦတခု​၏ ခေါင်မိုး၊ မျက်နှာကျက်၊ ပြတင်းပေါက်များ ပျက်စီးခဲ့ပြီး လူထိခိုက်မှု မရှိခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ် ပျံ့နှံလာသည့် ဓါတ်ပုံများနှင့် ထွေအုပ်ရုံးနှင့် နီးစပ်သည့် ဒေသခံထံက သိရသည်။

” အစည်းအဝေးလုပ်နေတာက အနောက်အဆောင်မှာ။ အခုကျသွားတာက အရှေ့အဆောင်၊ ဘာတွေပျက်စီးသွားလဲဆိုတော့ တံခါးတွေ ပြတင်းပေါက်တွေ ခေါင်မိုးတွေ ပျက်စီးသွားတယ်” ဟု ဘီးလင်းမြို့နယ် ထွေအုပ်ရုံးနှင့်နီးစပ်သည့် ဒေသခံက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁)၊ တပ်ရင်း (၂) နယ်မြေအတွင်းရှိ PDF သတင်းရင်းမြစ်တဦးကမူ ထွေအုပ်ရုံးအား တပ်မဟာ(၁) တပ်ရင်း (၂) KNLA၊ PDF ပူးပေါင်းအဖွဲ့က သွားရောက်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

” ဒီဘက် တပ်ရင်း (၂) ပူးပေါင်းအဖွဲ့က သွားလုပ်တာပါ။ လေးလုံးချတာ သုံးလုံးကွဲပါတယ်။ အစည်းအဝေးလုပ်နေတဲ့အဆောင်ရဲ့ အရှေ့အဆောင်ကို ကျသွားတာ အဆောင်လွဲသွားတယ်” ဟုပြောသည်။

ဒရုန်းဖြင့် ဗုံးကြဲခံရပြီးနောက် စစ်ကောင်စီတပ်သားများနှင့် ရဲများက ထွေအုပ်ရုံးသို့ လာရောက်စစ်ဆေးခဲ့ကြပြီး ယနေ့ (ဧပြီလ ၁၀ ရက်)တွင် အဆိုပါရုံး၌ ရုံးတက်သူ မရှိကြောင်း ဒေသခံထံက သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့၊ နေ့လယ် ၁၂ နာရီဝန်းကျင်ကလည်း ဘီးလင်းမြို့နယ် ထွေအုပ်ရုံးကို အမည်မသိအဖွဲ့တခုက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထွေအုပ်ရုံးဝန်ထမ်းတဦးနှင့် ကော်မရှင် ဝန်ထမ်းလေးဦး စုစုပေါင်း ဝန်ထမ်းငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းဌာန​များ​၏ ဖော်ပြချက်အရ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့ ကလည်း ကျိုက်ထိုမြို့နယ်ရှိ စစ်ကောင်စီအထိုင်ချရာ မုပ္ပလင်စစ်ဆေးရေးဂိတ်၊ ရွှေစေဆီ ငွေစေတီကုန်း၊ လက်ပံပင်သင်္ချိုင်း၊ အင်္ဂဘိုတာဝါတိုင် စသည့် နေရာလေးခုကို တပ်မဟာ (၁) KNLA ပူးပေါင်းတပ်ဖွဲ့က ဒရုန်း၊ ၆၀ မမ တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ငါးဦးသေဆုံးခဲ့ပြီး အရာရှိခွဲမှူးတဦးအပါအဝင် ၁၀ ဦး ဒဏ်ရာရခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က သတင်းထုတ်ပြန်ထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)