လှိုင်သာယာတွင် လူငယ်များအား စာရင်းကောက် ယူနေပြီး စစ်မှုထမ်းရန် စည်းရုံးသည့်စာများ လိုက်ဝေနေဟုဆို

စစ်ကောင်စီတပ်ဖွဲ့ဝင်များ(ပုံဟောင်း)

ကီရာ

(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် လူငယ်များအား စာရင်းကောက်ယူမှုများ ပြုလုပ်နေပြီး စစ်မှုထမ်းရန် စည်းရုံးသည့်စာများ လိုက်ဝေနေသည်ဟု ဒေသခံများထံမှ သိရသည်။

“လူစာရင်းတော့ လာကောက်သွားကြပြီ။ ပြီးတော့ စစ်ထဲဝင်ဖို့ စည်းရုံးတဲ့စာတွေ ရပ်ကွက်လူကြီးနဲ့ ရာအိမ်မှူးနဲ့ လာပေးသွားတယ်။ အဲ့စာရွက်ကို အဆောင်တွေမှာဆိုရင် အဆောင်ရှေ့မှာ အားလုံးမြင်အောင် ကပ်ထားပေးရမယ်တဲ့။ သူတို့ ဧည့်စာရင်းလာစစ်လို့ ကပ်ထားတာမတွေ့ရင် ပြဿနာတက်မယ်ဆိုပြီး ပြောသွားတယ်”ဟု ဒေသခံလူငယ်တဦးက ပြောသည်။

စစ်မှုထမ်းရန်အတွက် လူစာရင်းကောက်ယူခြင်းကို လှိုင်သာယာအရှေ့ပိုင်းတွင် မတ်လ ၈ ရက်နေ့က စတင်ကောက်ယူခဲ့ပြီး အဆိုပါနေ့တွင်ပင် စည်းရုံးသည့်စာရွက်များကို အိမ်များနှင့် အဆောင်များအား လိုက်လံဝေခဲ့သည်ဟု ဆိုသည်။

စစ်ကောက်စီမှ လိုက်လံ ဝေနေသည့် စည်းရုံးရေးစာများ။

“ပြောရရင်တော့ စိုးရိမ်စိတ်တော့ ရှိတယ် ။ ဘယ်သူမှ သူတို့ကို မထောက်ခံသလို ဘယ်သူမှလဲ မဝင်ချင်ကြဘူးလေ။ ကျွန်တော်ကတော့ သေမယ်ဆိုရင်တောင် PDF ထဲပဲ ဝင်မယ်။ သူတို့ဆီဝင်မယ့်အတူတူ တောထဲပဲ သွားဖို့ပြင်ထားတယ်”ဟု ဒေသခံလူငယ်တဦးက ပြောသည်။

ထို့အပြင် အထည်ချုပ်စက်ရုံ လုပ်သားတဦးကလည်း နိုင်ငံကူးလက်မှတ်ကို ဈေးကြီးပေးကာ လုပ်ဆောင်ထားပြီး ထိုင်းသို့ သွားရောက်အလုပ်လုပ်ရန် ပြင်ဆင်နေသည်ဟု ဆိုသည်။

“ပတ်စပိုစ့်ကို အမြန်ကြေးနဲ့လုပ်တာ ၂၁သိန်းပေးရတယ်ဗျ။ ကျွန်တော်က ထိုင်းကို ပန်းရံနဲ့သွားဖို့လုပ်နေတာ တရားဝင်နဲ့ပေါ့ ။ တကယ်လို့ အဲ့ဒါက အဆင်မပြေရင် အရမ်းကြာနေရင်တော့ အောက်လမ်းနဲ့ တက်ဖို့ပြင်ထားတယ်”ဟု ၎င်းကပြောသည်။

စစ်ကောင်စီက အတင်းအကျပ် လိုက်လံဝေပေးထားသည့် လက်ကမ်းစာစောင်တွင် စစ်မှုထမ်းရန်အတင်းအဓမ္မခေါ်ဆောင်မည် မဟုတ်ကြောင်းထည့်သွင်းရေးထားသားသော်လည်း စစ်ကောင်စီသည် မယုံကြည့်ရသည့်အတွက် လုံခြုံမှုမရှိတော့ကြောင်း ဆိုသည်။

“ခုချိန်မှာ ကြိုက်တဲ့အချိန် လာခေါ်လို့ရတဲ့ပုံစံမျိူး ဖြစ်နေပြီ။ ဥပဒေက ပါးစပ်ထဲမှာ အမျိုးမျိုး လုပ်ချင်တိုင်း လုပ်နေကြတာ။ ရန်ကုန်က မလုံခြုံမှု အဆိုးဆုံး ဖြစ်နေပြီ”ဟု ၎င်းကပြောသည်။

ထို့အပြင်အဆိုပါ စည်းရုံးရေးစာများတွင် သင်တန်းတပတ်စဉ်တွင် လူ၅၀၀၀ဦး ခေါ်ယူမည်ဖြစ်ကြောင်းနှင့် အမှတ်စဉ်(၁)အတွက် အကျူံးဝင်သည့် အမျိုးသားများကို စတင်ခေါ်ယူမည်ဖြစ်ပြီး အမှတ်စဉ် (၅)မှသာ အမျိူးသမီးများကို စတင်ခေါ်ယူမည်ဟု ဖော်ပြထားသည်ကိုလည်း တွေ့ရသည်ဟု ဆိုသည်။

စာတည်း ။ ။ ဖူးသိမ်ကျ