မဲဆောက်မြို့ သွေးသစ်ကျောင်း၏ ဒုတိယအကြိမ် GED ဒီပလိုမာ ချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

မဲဆောက်မြို့ သွေးသစ်ကျောင်း၏ ဒုတိယအကြိမ် GED ဒီပလိုမာ ချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ဂန္ဒမာ (မဇ္ဈိမ) ။ ။ စစ်အာဏာရှင်ကို တိမ်းရှောင်လာကြသော တိုင်းရင်းသားများနှင့် တော်လှန်ရေးဘက်တော်သား များ၊ အနယ်နယ်အရပ်ရပ်မှ ရွှေ့ပြောင်းအလုပ်သမားများ၏ကလေးငယ်များ တက်ရောက်နေသည့် ထိုင်း နိုင်ငံ၊ မဲဆောက်မြို့ရှိ သွေးသစ်ကျောင်း-New Blood High School ၏ ဒုတိယအကြိမ် GED ဒီပလိုမာ ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

“အစတုန်းကတော့ မူလတန်းအဆင့်ကနေ စာတတ်မြောက်ရေးလောက်ပဲ ဦးတည်ပြီးသွားတာ။ နောက် မြန်မာပြည်မှာ စစ်အာဏာရှင်က ဒီအချိန်ထိအုပ်ချုပ်တဲ့ကာလဆိုတော့ ပြန်ဖို့အခက်အခဲဖြစ်သွားတော့ ဒီမှာပဲ အခြေချနေထိုင်ခဲ့တာ။ ကလေးတွေကို စာတမျိုးမျိုးသင်ပေးပြီး အခွင့်အရေးကို ဖြည့်စွက်တဲ့အနေ အထားနဲ့လုပ်ပေးတာပါ။ ကျောင်း ဆင့်ကဲပြောင်းလဲလာတာကတော့ စာသင်နေတဲ့ကလေးတွေက မပြန် နိုင်တဲ့အနေအထားတွေနဲ့ နောက်ပြီး ဒီမှာကစာသင်မှန်းသိတော့ တခြားကလေးတွေ ပေါင်းလာတာလည်း ရှိတယ်။ လက်ရှိတက်နေတဲ့ ကလေးတွေကလည်း အတန်းတွေတက်သွားတာ ရှိတယ်။ အဲဒီလို အနေ အထားမျိုးကနေမှ ကလေးတွေက ကိုးတန်း ၁၀ တန်းထိ ရောက်လာတယ်။ ၂၀၂၁ မှာတော့ GED ပညာ ရေးကိုစတင်ခဲ့ပြီး ၂၀၂၂ မှာ ပထမအကြိမ်၊ အခု ၂၀၂၃ ကတော့ ဒုတိယအကြိမ်ပေါ့။ GED နဲ့ပတ်သက်လို့ လူ ၁၀၀ ကျော်လောက် အောင်သွားပြီ” ဟု သွေးသစ်ကျောင်း၏ကျောင်းအုပ်ကြီး ဦးဇော်လွင်ဦးကပြော သည်။


အမေရိကန် အထက်တန်းအောင်လက်မှတ်ဖြစ်သည့် GED ပညာရေးကို သွေးသစ်ကျောင်း၌ ကိုဗစ်ကာလ မတိုင်မီကတည်းက အစပျိုးခဲ့သော်လည်း မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှုကြောင့် စစ်ဘေးရှောင်များ၊ CDM များနှင့် စစ်ကျွန်ပညာရေးအောက် မသင်ကြားလိုသော ပညာရေးရပ်တန့်နေသည့် ကျောင်းသား ကျောင်းသူများပြားလာသည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင်စတင်ခဲ့ရာ ယနေ့တွင် ဒုတိယအကြိမ် GED Batch 2 ဒီပလိုမာ ပေးအပ်ချီးမြှင့်ပွဲအခမ်းအနား ပြုလုပ်နိုင်ခြင်းဖြစ်သည်။
သွေးသစ်ကျောင်းမှ ပထမအကြိမ် GED ဒီပလိုမာရရှိသူ ၄၇ ဦးနှင့် ဒုတိယအကြိမ်တွင် ဒီပလိုမာရရှိသူ ၇၆ ဦးရှိကြောင်း သိရသည်။

“ကလေးတွေက ထိုက်ထိုက်တန်တန်ရကြတယ်ပြောလို့ရတယ်။ အခက်အခဲကြားက ပြေးလာကတည်း က သူတို့မှာ ဖိအားတွေအများကြီးရှိတယ်။ ဘာလုပ်ရဘာကိုင်ရမလဲ၊ ပညာရေးလမ်းကြောင်းမှာ ဘယ်လို ဆက်သွားရမလဲ မသိဖြစ်နေတဲ့အချိန် ကံကောင်းထောက်မစွာနဲ့ ဒီကျောင်းမှာ အမေရိကန် ၁၂ တန်းနဲ့ အဆင့်တူတဲ့ GED ကိုတက်ခွင့်ရတော့ သူတို့အတွက် အတိုင်းထက်အလွန် ဝမ်းသာပီတိဖြစ်ရတယ်” ဟု GED Program တာဝန်ခံ ဆရာဂျော်နီက ပြောသည်။

“သွေးသစ်ကျောင်းမှာ GED ဖြေတာအောင်မြင်သွားပြီ၊ အဲဒီအတွက် အရမ်းပျော်တယ်။ မြန်မာပြည်မှာ နေတုန်းက GED ဆိုတာတခါမှမကြားဖူးဘူး ဒီရောက်မှကြားဖူးတယ်။ ဆရာကြီး လမ်းညွှန်ပေးလို့သိတာ။ လေးကေ့ကော်မှာတိုက်ပွဲဖြစ်တော့ ဒီဘက်ရောက်လာတာ။ GED ပြီးသွားပြီဆိုတော့ စဉ်းစားထားတာ နိုင်ငံခြားသွားမယ် ဘာသာစကား အရင်သင်မယ်။ အင်တာဗျူးဖြေပြီး အောင်ပြီဆို ဆက်သွားမယ်” ဟု သွေးသစ်ကျောင်းမှ GED ဒီပလိုမာရရှိခဲ့သူ မနန်းစန်းသော်တာမြင့်က မဇ္ဈိမကို ပြောသည်။
ယနေ့ပြုလုပ်သည့်အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းမှ သဝဏ်လွှာပေးပို့သလို နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှလည်း သဝဏ်လွှာပေးပို့ကာ သင်တန်း ဆင်းကျောင်းသားကျောင်သူများနှင့် လက်ရှိပညာသင်ကြားနေသော ကျောင်းသားကျောင်းသူများ အား လုံး ဘေးကင်းလုံခြုံစွာဆက်လက်ပညာသင်ကြားနိုင်စေရန် သွေးသစ်ကျောင်း ရေရှည်တည်တံ့ခိုင်မြဲစွာ ရပ်တည်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးကြသည်။

သွေးသစ်ကျောင်း ( New Blood High School) တွင် GED ပညာရေးအား သင်ကြားပေးသူမှာ အကူ ဆရာ ဆရာမများအပါအဝင် ၅၀ နီးပါးခန့်ရှိပြီး သင်ကြားရေးပိုင်းတွင် အစွမ်းကုန် အားစိုက်ထုတ်သင်ကြားပေး နိုင်သော်လည်း ကျောင်းအင်္ဂါရပ်ဖွံ့ဖြိုးမှုပိုင်းနှင့် ရပ်တည်ရေးပိုင်းတွင် အခက်အခဲနှင့် လိုအပ်ချက်များစွာရှိ နေသေးကြောင်း ကျောင်းအဖွဲ့ဝင်များအပါအဝင် ကျောင်းသားကျောင်းသူများထံမှ သိရသည်။

စာတည်း။ ။စောဖေ