ရက်ပေါင်း ၉၀၀ ကျော်အတွင်း ၆ လသားမိန်းကလေးငယ်၂ ဦးအပါအဝင် ပြည်သူ ၄,၁၀၀ ကျော် သတ်ဖြတ်ခံရ

ရက်ပေါင်း ၉၀၀ ကျော်အတွင်း ၆ လသားမိန်းကလေးငယ်၂ ဦးအပါအဝင် ပြည်သူ ၄,၁၀၀ ကျော် သတ်ဖြတ်ခံရ

ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု

ဂျူချန်း (မဇ္ဈိမ)။ ။ စစ်တပ်အာဏာသိမ်းပြီးသည့် ဖေဖော်ဝါရီလမှ အောက်တိုဘာလ ၂ ရက်နေ့အထိ ရက်ပေါင်း ၉၇၄ ရက်အတွင်း စစ်ကောင်စီလက်ချက်ကြောင့် ခြောက်လသားအရွယ် မိန်းကလေးငယ်နှစ်ဦးအပါအဝင် အရပ်သားပြည်သူပေါင်း ၄,၁၃၇ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ထုတ်ပြန်ထားသည်။

အတည်ပြုထားသည့် သေဆုံးသူ ၄,၁၃၇ အနက် ၁၄၂ ဦးသည် ၁၀နှစ်အောက်ကလေးငယ်များဖြစ်ကြပြီး အငယ်ဆုံးမှာ အသက်ခြောက်လသားအရွယ် မိန်းကလေးငယ်နှစ်ဦးဖြစ်သည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ ဆောင်းဝေနှင့် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှ အမည်မပေးရသေးသည့် ဦးသူ၏ သမီးဖြစ်သူတို့လည်း ပါဝင်သည်။

စစ်ကောင်စီမှ ပြည်သူကို ရန်သူလို သဘောထားကာ တရားလက်လွတ် သတ်ဖြတ်နေခြင်းမှာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေခြင်းဖြစ်ပြီး အချို့အခြေအနေများတွင် စစ်ကောင်စီ၏ ရက်စက်သည့် သတ်ဖြတ်မှုကြောင့် အချက်အလက်ကောက်ယူရာတွင် မည်သူမည်ဝါ အတည်ပြုနိုင်ရန်ပင် ခက်ခဲသည့် အခြေအနေများ ကြုံတွေ့ရကြောင်း AAPP မှ တာဝန်ရှိသူတဦးက မဇ္ဈိမ ကိုပြောသည်။

“မြေပြင်မှာ ဒီထက် သေချာပေါက် များနေမှာပါ၊ တချို့အချက်အလက်တွေကျတော့ စစ်တပ်က ဝင်သွားတယ် သတ်သွားတယ်။ ရုပ်ပျက်ဆင်းပျက်ကြီး ဖြစ်သွားတယ်၊ ဆိုတဲ့အခါကျတတော့ နာမည်ကို ဖော်လို့မရတဲ့ အချက်အလက်တွေလည်း အများကြီးရှိတယ်၊ ဒီလိုမျိုး တရားလက်လွတ် သတ်ဖြတ်တာက လူသားဖြစ်တည်မှုကို ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်တယ်” ဟု AAPP မှ တာဝန်ရှိသူက ပြောသည်။

ယင်းအပြင် AAPP မှ ကောက်ယူထားသည့် အချက်အလက်များအရ စစ်ကောင်စီ၏ လက်ချက်ကြောင့် သေဆုံးသူများတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၉၈ ဦး၊ လွှတ်တော်ကိုယ်စားလှယ် သုံးဦး၊ သတင်းသမား လေးဦးနှင့် အရပ်ဖက်အဖွဲ့အစည်း(NGO) မှ ကိုးဦး ပါဝင်သည်။

သေဆုံးသူစာရင်း ၄,၁၃၇ ဦးအပြင် အချက်အလက်အတည်ပြုနိုင်ရန် အမည်စုံစမ်းဆဲဖြစ်သည့် သေဆုံးသူပြည်သူ ၄၅၀ ဦးကိုလည်း သီးခြားစာရင်းပြုစုထားကြောင်း ဖော်ပြထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးခံရသူ ၂၅,၁၉၈ ဦးရှိပြီး ၅,၅၈၃ ပြန်လည်လွတ်မြောက်လာကာ ၁၉,၆၁၅ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း AAPP မှ စာရင်းပြုစုထားချက်အရ သိရသည်။ ဖမ်းဆီးထိန်းသိမ်းခံထားရသူများအနက် သေဒဏ်ချမှတ်ခံထားရသူ ၁၅၅ ဦးရှိပြီး မတရားထောင်ဒဏ်ချမှတ်ခံထားရသူ ၇,၆၁၆ ဦးရှိကြောင်း သိရသည်။

ယင်းအရေအတွက်သည် AAPP မှ လက်လှမ်းမှီသလောက် ပြုစုကာ အတည်ပြုထားသည့် အရေအတွက်သာဖြစ်ပြီး မြေပြင်အရေအတွက်သည် ပိုများနိုင်ကြောင်း ဖော်ပြထားသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီမှ အရပ်သားများအပါအဝင် စာသင်ကျောင်း၊ ဆေးရုံနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ မှထောက်ပြထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ပဋိပက္ခဖြစ်ပွားမှု အများဆုံး ကမ္ဘာ့နိုင်ငံ ၅၀ အနက် ထိပ်ဆုံးမှ ရပ်တည်နေကြောင်း ပဋိပက္ခဖြစ်ပွားမှုဆိုင်ရာ အချက်အလက်ကောက်ယူသည့် နိုင်ငံတကာအဖွဲ့အစည်းတခုဖြစ်သည့် The Armed Conflict Location & Event Data Project (ACLED) မှ စက်တင်ဘာလအတွင်းတွင် ထုတ်ပြန်ထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)