တရားမျှတမှု မရသေးသည့် မတူပီမြို့နယ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု

၀၀၁ ရေးသားသည်။

(မဇ္ဈိမ) ။ ။ ချင်းပြည်နယ်တွင် အသက်မပြည့်သေးသော ၁၃ နှစ်အရွယ် ကလေးငယ် အပါအဝင်‌ ဒေသခံပြည်သူ ၁၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သည်မှာ ယနေ့ ဇန်နဝါရီလ ၆ ရက်နေ့တွင် နှစ်နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှာ ချင်းပြည်နယ်၊ မတူပီမြို့နယ် ကီးလှုန်းရွာနှင့် လုံလှော်ရွာဘက်မှာ နွားနောက်ဖမ်းရန်သွားသည့် ဒေသခံများနှင့် ဓာတ်ဆီဝယ်ရန်သွားသည့် ဒေသခံ စုစုပေါင်း ၁၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီးနောက် အစုလိုက်အပြုံလိုက် သတ်ဖြတ် လိုက်သည်။

သတ်ဖြတ်ခံရသူများမှာ အသက်မပြည့်သေးသူ (၁၃) နှစ်အရွယ် ဆလိုင်းလာနန်း (Salai La Nang)၊ ဆလိုင်းစတီဗင် (Salai Steven)၊ ဆလိုင်းပါထူး (Salai Va Htoo)၊ Khonumthaung သတင်းဌာန တည်ထောင်သူ အယ်ဒီတာချုပ်လည်းဖြစ်သည့် ဆလိုင်းသွီဒင်း (Salai Tui Dim)နှင့် ဆလိုင်းလာရင်းလ်(Salai Laring) တို့ သတ်ဖြတ်ခံခဲ့ရသည်။

အလားတူ ဆလိုင်း တင်စန်း (Salai Tin San)၊ ဆလိုင်းဖူးပါးဆာလိ(Salai Phupa Sali)၊ ဆလိုင်းလျန်ငိုင်(Salai Lian Ngai)၊ ဆလိုင်းဇေယျာအောင် (Salai Zeyar Aung)နှင့် ဆလိုင်းထတ်လုံး (Salai Thak Lung)တို့လည်း သတ်ဖြတ်ခံခဲ့ကြရသည်။

အဆိုပါ သတ်ဖြတ်ခံရသူ ၁၀ ဦးအနက် အသက်မပြည့်သေးသူ ကလေးငယ်တဦး ပါဝင်ပြီး ကျန်သူများမှာ အသက် ၃၀ ဝန်းကျင်မှ ၆၀ ဝန်းကျင်အရွယ် ရှိကြသူများ ဖြစ်သည်။

သတ်ဖြတ်ခံလိုက်ရသူများသည် အရပ်သားပြည်သူများသာဖြစ်ပြီး ထိုဖြစ်ရပ်အပေါ် “ စိတ်ထဲက ဘယ်လိုမှ မကျေနပ်နိုင်ဘူး” ဟု အသက် ၃၈ နှစ်အရွယ် ဒေါ်သီတာထွေးက မဇ္ဈိမကို ပြောသည်။

ဒေါ်သီတာထွေး၏ အမျိုးသားဖြစ်သူ ဆလိုင်းပါထူးသည် ထိုဖြစ်စဉ်အတွင်း သတ်ဖြတ်ခံခဲ့ရသူ ဖြစ်သည်။ အမျိုးသားဖြစ်သူ ဆုံးပါးသွားပြီးနောက် ဒေါ်သီတာထွေးအနေနှင့် လက်ရှိမှာ အိန္ဒိယနိုင်ငံ၊ လိုင်းလေမြို့နားက စစ်ဘေးရှောင်စခန်းတခုမှာ နေထိုင်နေရသည်။

၎င်းမှာ သားသမီးခုနစ်ယောက်ရှိပြီး အမျိုးသားဖြစ်သူ သေဆုံးစဉ်က အငယ်ဆုံးသမီးလေးမှာ အသက် နှစ်နှစ်အရွယ်သာ ရှိသေးသည်။

“ကလေးတွေက ကျောင်းစရိတ်ခြောက်ယောက်စာ တလကို အိန္ဒိယငွေ ၁၅၅၀ ပေးရတယ်၊ အငယ်ဆုံးက အငယ်ကောင်မလေးပဲ မတက်သေးတော့ တယောက်တည်း ဒီလိုပဲလုံးပန်းနေရတာပေါ့၊ အားတင်းပြီးတော့၊ ဒီမှာက တခါတလေ မုန့်ဟင်းခါးချက်ပြီးရောင်းတယ်၊ တခါတလေခေါက်ဆွဲ ကြော်ရောင်းတယ်၊ ဒီလိုပဲနေရတာပါ” ဟု ဒေါ်သီတာထွေးက ပြောသည်။

“ကိုပါထူးသေတဲ့ဟာလည်း နှစ်နှစ်ပြည့်တော့မယ်၊ အခုတလောဆိုရင်တော့ အိမ်မက်ထဲမှာလည်း မနေ့ညကလည်း မက်ပြန်ပြီ၊ အဲ့ဒီလိုမျိုးမက်တော့ စိတ်က ကိုယ့်ဒေသ ကိုယ့်မြန်မာပြည်မှာပဲ စိတ်ကရောက်ရောက်နေတာ၊ ဒီမှာက စိတ်ဆင်းရဲပေမယ့် သားသမီးတွေရဲ့ မျက်နှာကိုပဲကြည့်ပြီးတော့ပဲ ဘယ်လိုပဲ နေနေ ကိုယ့်မြန်မာပြည်ရောက်ရင်တော့ သားသမီးတွေလည်း စိတ်ဒဏ်ရာရမှာဆိုပြီး ကျွန်မက အောင့်အီးပြီးတော့ နေထားရတာပေါ့”ဟု ဒေါ်သီတာထွေးက ဆက်ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ သတ်ဖြတ်ခဲ့သော မတူပီဒေသခံ ၁၀ ဦး၏ ရုပ်အလောင်းများတွင် မျက်လုံးနှင့် ပါးစပ်ကို အင်္ကျီစများနှင့် စည်းနှောင်ထားသည့်အပြင် လက်နောက်ပြန်ကြိုးတုပ်ကာ လည်ပင်းပြတ်ရှ ဒဏ်ရာများ တွေ့ရပြီး ရုပ်အလောင်းများကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီလ ၇ ရက်နေ့၊ ၈ ရက်နေ့နှင့် ၉ ရက်နေ့မှာ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

သတ်လတ်ပိုင်းအရွယ် အမျိုးသားများ၏ ဝမ်းဗိုက်ပိုင်းတွင်လည်း ဓားဒဏ်ရာ ခုနစ်ချက်၊ ရှစ်ချက်အထိ တွေ့ရပြီး တောလမ်းဘေးမှာ ပစ်ထားခဲ့ကြခြင်း ဖြစ်ကြောင်း မျက်မြင်ကြုံတွေ့ခဲ့ရသည့် မတူပီ CDF ၏ ဒုတိယစစ်ဦးစီးချုပ် ရေဂင်က မဇ္ဈိမကို ပြောသည်။

စစ်ကြောင်းကာလဖြစ်သည့် အတွက် ရုပ်အလောင်းများကို ပြန်မသယ်နိုင်ခဲ့ဘဲ တွေ့သည့်နေရာတွင်ပင် မြေချခဲ့ရကြောင်းလည်း ၎င်းက ပြောသည်။

“ကျွန်တော့် personal အနေနဲ့ဆိုရင် အဲ့ဒီမှာ အဖမ်းခံရတဲ့အထဲမှာ ကျွန်တော့်အကိုတယောက်လည်း ပါသွားတယ်ပေါ့၊ ပြီးတော့ သွားတဲ့သူတွေကလည်း ကျွန်တော်တို့ရဲ့ ဆွေမျိုးတွေပါပဲ၊ ဒီကျေးရွာထဲမှာ တူတူနေကြတဲ့ တကယ်တမ်းအမျိုးစပ်မယ်ဆိုရင် အကုန်လုံးက အမျိုးတွေကြီးပဲ၊ ဆိုတဲ့အခါကျတော့ ဒီနေ့ဒီချိန်ထိတော့ ကျွန်တော်တို့အနေနဲ့ မကျေနပ်ဘူး” ဟု ကိုရေဂင်က ပြောသည်။

တော်လှန်ရေးဆက်မလုပ်ရန် စိတ်လျှော့ပြီး ပြန်သွားသည့် တော်လှန်ရေးသမားတချို့လည်း ထိုဖြစ်ရပ်ကြောင့် တောထဲကို ပြန်ရောက်လာကြသည်ဟု ကိုရေဂင်က ပြောသည်။

“တချိန်ကျရင်တော့ စစ်ကြောင်းမှာ တာဝန်ရှိသူတဲ့သူတွေ အမိန့်ပေးတဲ့သူတွေအကုန်လုံးကို တရားမျှတမှုတော့ ပြန်လိုချင်တယ်” ဟုလည်း ကိုရေဂင်က ဆက်ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီးဌာနကတော့ ထိုဖြစ်ရပ်အပေါ် ကမ္ဘာကသိပြီး တရားမျှတမှုဖော်ဆောင်နိုင် ဖြစ်စဉ်မှ လွတ်မြောက်လာသော မျက်မြင်သက်သေများ၊ သေဆုံးသူများ၏ ဆွေးမျိုးသားချင်းများ၏ ထွက်ဆိုချက်များကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM)ကို ပေးပို့ထားကြောင်း မဇ္ဈိမကို ပြောသည်။

လက်ရှိမှာ ယခုအမှုသည် တရားမျှတမှုဖော်ဆောင်ရန်အတွက် ဖိလစ်ပိုင်နိုင်ငံမှာဖြစ်စေ၊ တခြားနိုင်ငံတကာ တရားရုံးများတွင်ဖြစ်စေ ဆက်လက်ပြီး တရားစွဲဆိုကာ ကြိုးပမ်းသွားမည့်အဆင့်ကို ရောက်နေပြီဟု NUG ၊ လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

“ဒီဖြစ်စဉ်က အခုဆိုရင် တကယ့် နှစ်နှစ်ပြည့်တဲ့အချိန်ပေါ့နော်၊ အဲ့ဒီအတွက် ကြိုးစားခဲ့ ပေမယ့် တရားမျှတမှုကို တိတိကျကျဖော်ဆောင်နိုင်တဲ့နေရာမှာ ဆက်လက်ပြီးတော့ ကြိုးစားဖို့ လိုအပ်နေတုန်းပါပဲ” ဦးအောင်မျိုးမင်းက မဇ္ဈိမကို ပြောသည်။

အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့အထိ ချင်းပြည်နယ်အပါအဝင် နိုင်ငံတဝှမ်း လူငါးဦးနှင့်အထက်သေဆုံးခဲ့သည့် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ် ၁၈၃ မှုရှိပြီး သေဆုံးသူ ၁,၉၃၈ ဦး မှတ်တမ်းကိုလည်း ရရှိထားကြောင်း ၎င်းက ပြောသည်။

၂၀၂၃ ခုနှစ် တနှစ်အတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်စဉ်ပေါင်း ၈၆ ခုရှိခဲ့ကြောင်းလည်း NUG လူ့အခွင့်အရေးဌာန၏ မှတ်တမ်းများအရ သိရသည်။

“တကယ့်ဆိုးဝါးတဲ့ကာလကို ပြည်သူတွေဖြတ်သန်းနေရတယ်”ဟု ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

စစ်ကောင်စီသည် စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေခြင်းဖြစ်ပြီး ထိုသို့ စစ်ရာဇဝတ်မှုများ အမြန်ဆုံးရပ်တန့်ပြီး တရားမျှတမှုကို အခုနှစ်သစ် ၂၀၂၄ ခုနှစ်မှာ အကောင်းဆုံးနှင့် အမြန်ဆုံးဖော်ဆောင်ရန် ဆက်လက်ကြိုးပမ်းမည်ဖြစ်ကြောင်းလည်း ဦးအောင်မျိုးမင်းက ကတိပြုသည်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လုံတလိုင်မြို့မှာ အသက် ငါးနှစ်နှင့် နှစ်နှစ်အရွယ် သားသမီးနှစ်ဦးနှင့် အတူ စစ်ဘေးရှောင်နေရသည့် ဒေါ်မေဇလီက စစ်ကောင်စီကသာ အာဏာမသိမ်းခဲ့ပါက ယခုကဲ့သို့ အဖြစ်အပျက်မျိုးလည်း ရှိလာမည် မဟုတ်ကြောင်း ပြောသည်။

၎င်း၏ အမျိုးသားဖြစ်သူ အသက် (၃၂) နှစ် အရွယ် ဆလိုင်းစတီဗင်နှင့် ညီတဝမ်းကွဲဖြစ်သူ အသက် (၁၃) နှစ်အရွယ် ဆလိုင်းလာနန်းတို့သည် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုအတွင်း ပါဝင်သွားခဲ့ကြသည်။

၎င်းတို့ နှစ်ဦးသည် ဇန်နဝါရီလ ၆ ရက်နေ့ နံနက်အစောပိုင်းမှာ ၎င်းတို့နေထိုင်သည့် ကျေးရွာမှ ဓာတ်ဆီသွားဝယ်ပြီး စစ်ရှောင်နေသည့် ကျေးရွာသို့ အပြန်လမ်းမှာ ဖမ်းဆီးသတ်ဖြတ်ခံ လိုက်ရခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူ ဒေါ်မေဇလီက မဇ္ဈိမကို ပြောသည်။

“အိမ်ထောင်ဦးစီးမရှိတဲ့နောက်ပိုင်း ပိုပြီးတော့ ပင်ပန်းတယ်၊ ပိုပြီးတော့ ရုန်းကန်ရတယ်၊ ပိုပြီးတော့ ရှာဖွေရတယ်ပေါ့၊ အဲ့ဒီလို မလုပ်ဖူးတဲ့အလုပ် မလုပ်တတ်တဲ့အလုပ်တွေလုပ်ရတယ်၊ ပြီးတော့ ဒီမှာ စစ်ဘေးရှောင်ရတာ ကိုယ့်နယ်မြေလည်း မဟုတ်ဘူးဆိုတော့ အဲ့ဒီလို ရုန်းလည်းရုန်းကန်ရတယ်” ဟု ဒေါ်မေဇလီက ပြောသည်။

အဆိုပါ ဖြစ်ရပ်သည် နှစ်နှစ်ပြည့်ခဲ့ပြီဆိုသော်လည်း ၎င်း၏ အမျိုးသားဖြစ်သူ ဆလိုင်းစတီဗင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သည့်နေ့က ကြုံတွေ့ခဲ့ရသည့် ခံစားချက်ကို မည်သည့်အခါမျှ မေ့ဖျောက်၍ ရမည်မဟုတ်ဘဲ “ထပ်ခါ ထပ်ခါ ရှိဦးမှာပဲ” ဟု ၎င်းက ပြောသည်။

၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတဝှမ်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသူများအနက် အသက် ၁၈ နှစ်မပြည့်သေးသည့် ကလေးသူငယ်များလည်း ပါဝင်ခဲ့ပြီး စာသင်ကျောင်းများနှင့် ဘုရားကျောင်းများလည်း ဖျက်ဆီးခံခဲ့ရသည့်အပြင် အိုးအိမ်များလည်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ပြောသည်။

“အခုသေတဲ့လူတွေက ပြည်သူတွေကြီးပဲ၊ အဲ့ဒီလိုမျိုး မိမဲ့၊ ဖမဲ့ဖြစ်ကုန်တော့ ကိုယ့်စိတ်ထဲမှာ တအားခံပြင်းတယ်၊ ဒါပေမဲ့ ခံပြင်းပေမယ့် ကိုယ့်ဖက်က ဘာမှလည်း မတတ်နိုင်ဘူး၊ တော်လှန်ရေး မြန်မြန်အောင်မြင်ပါစေလို့ ကျွန်မအမြဲတမ်းဆုတောင်းပါတယ်” ဟု ဒေါ်သီတာထွေးက မဇ္ဈိမကို ပြောသည်။

စာတည်း။ ။ နောင်နောင်