ဘန်ကောက် ပစ်ခတ်မှု ဖြစ်ပြီးနောက် သေနတ်နှင့်ပတ်သက်ပြီး ကာကွယ်တားဆီးရေး လုပ်ဆောင်ချက်များ ပြုလုပ်မည်ဟု ထိုင်းဝန်ကြီးချုပ် ပြော

ဘန်ကောက် ပစ်ခတ်မှု ဖြစ်ပြီးနောက် သေနတ်နှင့်ပတ်သက်ပြီး ကာကွယ်တားဆီးရေး လုပ်ဆောင်ချက်များ ပြုလုပ်မည်ဟု ထိုင်းဝန်ကြီးချုပ် ပြော

ဘန်ကောက်ရှော့ပင်းမောလ်ရှိထိုင်းရဲနှစ်ဦး(Photo:AFP)

ထိုင်းနိုင်ငံတွင် လူနှစ်ဦး သေဆုံးခဲ့ရသည့် ဘန်ကောက် ရှော့ပင်းမောလ် သေနတ်ပစ်ခတ်မှုဖြစ်စဉ် ဖြစ်ပွားပြီး နိုင်ငံ၏ သေနတ် ထိန်းချုပ်မှုအပေါ် မေးခွန်းများ ထပ်မံပေါ်ထွက်စေခဲ့ပြီးနောက်တွင် “တားဆီး ကာကွယ်ရေး အစီအမံ” ဆောင်ရွက်ချက်များ လုပ်ဆောင်သွားမည်ဟု ထိုင်းဝန်ကြီးချုပ်က အောက်တိုဘာ ၄ ရက်တွင် ပြောသည်။

နိုင်ငံတွင် လေးနှစ်အတွင်း တတိယမြောက် အထင်ပေါ်ဆုံး ဖြစ်သည့် လူသေဆုံးစေသော သေနတ်ကိုင် တိုက်ခိုက်မှု ဖြစ်စဉ် ဖြစ်ပြီး ၂၄ နာရီ မပြည့်မီ Siam Paragon ရှော့ပင်းမောလ်ကို ပြန်ဖွင့်ခဲ့ရာ ဈေးဝယ်သူများ တတိတတိနှင့် ပြန်ရောက်လာခဲ့ကြသည်။

ဘန်ကောက်၏ အကြီးဆုံးနှင့် အဆင့်အမြင့်ဆုံး ရှော့ပင်းမောလ်များအနက် တခုဖြစ်သည့် Siam Paragon တွင် ဖြစ်ပွားသော ပစ်ခတ်မှုဖြစ်စဉ်က ကပ်ရောဂါကာလနောက်ပိုင်း နိုင်ငံ၏ အလွန်အရေးပါသော ခရီးသွားလုပ်ငန်းကို ပြန်လည်တည်ဆောက်မည့် ထိုင်းဘုရင့်နိုင်ငံ၏ ကြိုးပမ်းမှုများအပေါ် ထိုးနှက်ချက်အသစ်တခု ဖြစ်စေမည် ဖြစ်သည်။

ဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းသည် ရှော့ပင်းမောလ်၌ တမိနစ် ငြိမ်သက်မှုတွင် ပါဝင်ခဲ့ပြီး ယင်းနောက် မြန်မာတဦးနှင့် တရုတ်တဦးတို့ဖြစ်သည့် သေဆုံးသူ အမျိုးသမီး နှစ်ဦး၏ မိသားစုများအတွက် အစိုးရက ဝမ်းနည်းစရာဆိုခဲ့သည်။

“ဆီယမ် ပါရာဂွန်နဲ့ အစိုးရတာဝန်ရှိသူတွေအနေနဲ့ သေဆုံး၊ ဒဏ်ရာရမှုတွေနဲ့ ထိခိုက်မှုတွေကို နည်းနိုင်သမျှ နည်းစေအောင် အကောင်းဆုံး လုပ်ခဲ့ကြတယ်လို့ ကျွန်တော် ယုံကြည်တယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။

“ဒါမျိုးက ဒီတကြိမ်ပဲ ဖြစ်ပါစေတော့။ ကျွန်တော်တို့အစိုးရအနေနဲ့ ကာကွယ်တားဆီးရေး အစီအမံတွေကို ဦးစားပေးလုပ်ဆောင်သွားမယ်လို့ အခိုင်အမာ ပြောချင်တယ်” ဟု ထိုင်းဝန်ကြီးချုပ်က ပြောပြီး အသေးစိတ်ကို ပြောဆိုခြင်းမရှိပေ။

ပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲများက Siam Paragon မောလ်မှ မီတာအနည်းငယ်အကွာရှိ ပုဂ္ဂလိကကျောင်းတခုမှ ကျောင်းသားတဦးဖြစ်သည့် အသက် ၁၄ နှစ်အရွယ် အမျိုးသားတဦးကို ဖမ်းဆီးခဲ့သည်။

၎င်းသည် စိတ်ကျန်းမာရေးကြောင့် ကုသမှုခံယူနေခဲ့ရသူဖြစ်ပြီး ဆေးသောက်ခြင်း မရှိကြောင်းနှင့် ၎င်း၏ နားထဲတွင် လူများကို ပစ်ခတ်ရန် ၎င်းအား ပြောဆိုသည့်အသံများကို ကြားနေခဲ့ရသည် ဆိုကြောင်း စုံစမ်းစစ်ဆေးသူများက ပြောသည်။

တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည့် လက်နက်သည် ဗလာကျည် ပစ်သည့် ပစ္စတိုတလက်ဖြစ်ကြောင်း အမျိုးသားရဲတပ်ဖွဲ့ လက်ထောက်အကြီးအကဲ ဆမ်ရန်း နူအန်မာက အောက်တိုဘာ ၄ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“ဒါပေမယ့် သေနတ်ပြောင်းကို ကျည်အစစ် ပစ်ဖို့အတွက် ပြုပြင်ထားခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

“လက်နက် အသုံးပြုမှု ထိန်းချုပ်ဖို့ စည်းမျဉ်းတွေနဲ့ ဥပဒေတွေကို တိုးမြှင့်လုပ်ဆောင်သွားပါမယ်”
သို့သော် ယခင်ကာလများအတွင်း သေနတ်ဥပဒေများ တင်းကျပ်မည်ဆိုသည့် ထပ်တလဲလဲ ကတိပြုမှုများရှိသော်လည်း ဖြစ်ရပ်ဆိုးများကို ကာကွယ်တားဆီးနိုင်ခြင်း မရှိခဲ့ပေ။

ယမန်နှစ်က လူ ၃၆ ဦး သေဆုံးခဲ့ရသည့် ထိုင်းနိုင်ငံမြောက်ပိုင်း မူကြိုကျောင်း အစုအပြုံလိုက် ပစ်ခတ်မှုဖြစ်စဉ် နှစ်ပတ်လည်နေ့ ကျရောက်မှု မတိုင်မီ ရက်များအလိုတွင် ယခု Siam Paragon ပစ်ခတ်မှုဖြစ်စဉ် ဖြစ်ပွားခြင်း ဖြစ်သည်။

၂၀၂၀ ပြည့်နှစ်ကလည်း စစ်တပ်အရာရှိဟောင်းတဦးက နခွန် ရတ်ချာဆီမာမြို့ရှိ မောလ်တခုတွင် ပစ်ခတ်ခဲ့သည့်အတွက် လူ ၂၉ ဦး သေဆုံးခဲ့သည်။

ခန့်မှန်းချက်တခုအရ ထိုင်းနိုင်ငံတွင် ပျံ့နှံ့ ရှိနေသည့် သေနတ် ၁၀ သန်း ရှိသည်ဟု သိရပြီး ယင်းက နိုင်ငံသား ခုနစ်ဦးနှုန်းလျင် တခုနှုန်းဖြစ်နေသလို ဒေသ၌ သေနတ်ပိုင်ဆိုင်မှု အမြင့်ဆုံးနှုန်းများအနက် တခုဖြစ်သည်။

သေနတ်အများအပြားသည် နိုင်ငံထဲသို့ မှောင်ခိုဝင်လာခြင်း ဖြစ်ကြောင်း ရဲအရာရှိဟောင်းတဦးဖြစ်သည့် ကရစ်ဆန်နာပေါင် ဖူထရာကူလ်က ပြောသော်လည်း လက်ရှိတွင် အင်တာနက်ပေါ်မှတဆင့် ရောင်းချခြင်းများက ပြဿနာတခုဖြစ်လာနေသည်ဟု ဆိုသည်။

“အွန်လိုင်း သေနတ် ဈေးကွက်ကို စောင့်ကြည့်ထောက်လှမ်းဖို့ အတွေ့အကြုံ၊ အသိပညာနဲ့ လုပ်နိုင်စွမ်း ရှိတဲ့ ရဲဝန်ထမ်းအရေအတွက်က နည်းနည်းပဲ ရှိနေတယ်” ဟု ၎င်းက အေအက်ဖ်ပီကို ပြောသည်။

Thai PM vows action on guns after deadly mall shooting