ဝိုင်းမော် တိုက်ပွဲကြား ပိတ်မိနေသည့် ပြည်သူများ လွတ်မြောက်လာ

Photo – KBC

မဇ္ဈိမ။ ။ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် ဖြစ်ပွားသော တိုက်ပွဲကြောင့် ပိတ်မိနေသည့် ဝိုင်းမော် – လိုင်ဇာလမ်းပေါ်က အောင်မြေ (၂) ကျေးရွာဒေသခံ ပြည်သူများကို မတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ စတင်ကယ်ထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။

ပိတ်မိပြည်သူများကို ကယ်ထုတ်ရန် ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင် အဖွဲ့ (PCG) က တာဝန်ရှိသူများအပြင် သက်ဆိုင်ရာ ဘာသာရေးအဖွဲ့အစည်း အသီးသီးက ဝိုင်းဝန်းကြိုးပမ်းခဲ့ရာ ငါးရက်မြောက်နေ့မှာ ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

မြစ်ကြီးနားမြို့မှ သွားရောက်ကယ်ထုတ်သူများက စစ်ကောင်စီ ပိတ်ထားသော အောင်မြေ (၂) ကျေးရွာအတွင်းကို မွန်းလွဲ ၂ နာရီအချိန်လောက်မှာ ဝင်ခွင့်ရရှိခဲ့ရာမှ ပိတ်မိနေသူများ လွတ်မြောက်လာခြင်း ဖြစ်သည်။

ကေအိုင်အေနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့က မြစ်ကြီးနား – ဗန်းမော် လမ်းတလျှောက်ရှိ စစ်ကောင်စီ၏ တပ်စခန်းများကို ယခုလ မတ် ၇ ရက်နေ့မှာ စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အောင်မြေ ( ၂) ကျေးရွာတွင်လည်း မတ်လ ၉ ရက်နေ့က နှစ်ဖက်တပ်တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။

ယင်းနောက် အောင်မြေ (၂) ကျေးရွာ ဒေသခံများနှင့် ရွှေညောင်ပင်ကျေးရွာဒေသခံ စုစုပေါင်း ၁,၀၀၀ ဝန်းကျင်ခန့် အောင်မြေ (၂) ဘုန်းကြီးကျောင်းဝင်းမှာ ပိတ်မိနေခဲ့ခြင်း ဖြစ်သည်။

ပိတ်မိနေသည့် ပြည်သူများကို ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်သော်လည်း တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အောင်မြေ (၂) ကျေးရွာသည် ဝိုင်းမော် – လိုင်ဇာ လမ်းပေါ်မှာတည်ရှိကာ လမ်းတလျှောက်မှာ ဝိုင်းမော် – ခါးရှိ – အင်လေး – အောင်မြေ( ၁ ) – အောင်မြေ ( ၂ ) – ရွှေညောင်ပင် – ဂါးရာယန် – ကဇူးယန် – ဒဘတ်ယန် – ကန်တော်ယန် – နန်ဆန်ယန် အစရှိသော ကျေးရွာများ တည်ရှိသည်။

စာတည်း။ ။ နောင်နောင်