စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာကို လက်နက်ရောင်းချခြင်း မရှိဟု အင်ဒိုနီးရှား လက်နက် ကုမ္ပဏီများ ငြင်းဆို

စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာကို လက်နက်ရောင်းချခြင်း မရှိဟု အင်ဒိုနီးရှား လက်နက် ကုမ္ပဏီများ ငြင်းဆို

အင်ဒိုနီးရှားသမ္မတ Joko “Jokowi” Widodo သည် ဇန်နဝါရီ ၁၂၊ ၂၀၁၅၊ ဂျာဗား၊ ဘန်ဒေါင်းမြို့ရှိ အစိုးရပိုင် PT Pindad စက်ရုံသို့ သွားရောက်လည်ပတ်စဉ် သေနတ်တစ်လက်အား စစ်ဆေးကြည့်ရှုနေစဉ် [Rusman/Presidential Palace via AFP]

စစ်အာဏာသိမ်းမှုအလွန် မြန်မာကို အင်ဒိုနီးရှားလက်နက်ထုတ်ကုမ္ပဏီများက လက်နက်ရောင်းချထောက်ပံ့ပေးသည် ဆိုသည့် စွပ်စွဲချက်များက မှန်ကန်ခြင်း မရှိကြောင်း အင်ဒိုနီးရှား နိုင်ငံပိုင် ကာကွယ်ရေး ဦးပိုင်လုပ်ငန်းစု DEFEND ID က အောက်တိုဘာ ၄ ရက်တွင် ပြောဆိုသည်။

DEFEND ID အောက်ရှိ လုပ်ငန်းများဖြစ်ကြသည့် လက်နက်ထုတ်လုပ်မှုလုပ်ငန်း Pindad ၊ လေယာဉ်ထုတ်လုပ်သူ Dirgantara Indonesia နှင့် သင်္ဘောတည်ဆောက်မှုလုပ်ငန်း PAL တို့ များမကြာမီက သတင်းဖော်ပြခြင်း ခံခဲ့ရပြီး ထိုလုပ်ငန်းများသည် မြန်မာအာဏာသိမ်းစစ်အုပ်စုထံ လက်နက်များ ရောင်းချပေးခဲ့ကြောင်း တက်ကြွလှုပ်ရှားသူများက စွပ်စွဲခဲ့ကြသည်။

DEFEND ID က သတင်းထုတ်ပြန်ချက်တရပ်တွင် ယင်းအနေဖြင့် မြန်မာထံ လက်နက်စီးဝင်မှုကို တားဆီးရေး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးကို တိုက်တွန်းတောင်းဆိုသည့် ကုလ ဆုံးဖြတ်ချက် ၇၅/၂၈၇ ကို လေးစားလိုက်နာခဲ့သည်ဟု ပြောသည်။ မြန်မာထံ Pindad ၏ နောက်ဆုံး တင်ပို့ရောင်းချမှုက စစ်အာဏာသိမ်းမှု မတိုင်မီ ၂၀၁၆ ခုနှစ်က ဖြစ်ကြောင်း

ယင်းဦးပိုင်လုပ်ငန်းစုက ပြောသည်။ အဆိုပါ တင်ပို့မှုများကလည်း အာဆီယံနိုင်ငံများအကြား တနှစ်တာ သေနတ်ပစ်ပြိုင်ပွဲတခုအတွက် မြန်မာကို အဆင်ပြေစေရန် ရောင်းချပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“Pindad အနေနဲ့ အထူးသဖြင့် ၂၀၂၁၊ ဖေဖေါ်ဝါရီလမှာ ကုလ လုံခြုံရေးကောင်စီရဲ့ တိုက်တွန်းမှုတွေနောက်ပိုင်းကတည်းက မြန်မာကို ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပစ္စည်းတွေ ရောင်းချတာမျိုး မရှိခဲ့ပါဘူး” ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“Pindad ဟာ ၂၀၁၆ တုန်းက အားကစားဆိုင်ရာ သတ်မှတ်ချက်တွေနဲ့ ခဲယမ်းကျည်တွေ ရောင်းချခဲ့ပါတယ်။ အဲဒီအချိန်တုန်းက မြန်မာဟာ အာဆီယံ စစ်တပ်တွေရဲ့ ရိုင်ဖယ် ပြိုင်ပွဲမှာ ပါဝင်နေခဲ့တာပါ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Dirgantara Indonesia နှင့် PAL တို့သည်လည်း မြန်မာနှင့် မည်သည့် လက်နက်အရောင်းအဝယ် သဘောတူညီချက်မှ မရှိခဲ့ဟု DEFEND ID က ပြောသည်။

Pindad ၊ Dirgantara Indonesia နှင့် PAL တို့သည် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာကို လက်နက်ပစ္စည်း ရောင်းချခဲ့ကြောင်း တက်ကြွလှုပ်ရှားသူများက ပြောပြီး ယင်းကိစ္စနှင့်ပတ်သက်၍ အင်ဒိုနီးရှား လူ့အခွင့်အရေးကော်မရှင်ထံ တိုင်တန်းချက် ဖွင့်ခဲ့ကြောင်း ရိုက်တာက မကြာသေးခင်က သတင်းဖော်ပြသည်။ ထို အရောင်းအဝယ်များသည် True North အမည်ရ မြန်မာကုမ္ပဏီတခုမှတဆင့် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပြီး ထိုကုမ္ပဏီသည် မြန်မာစစ်ကောင်စီ ဝန်ကြီးတဦး၏ သားဖြစ်သူ ပိုင်ဆိုင်သည့်ကုမ္ပဏီဖြစ်သည်ဟု ဆိုသည်။

တိုင်တန်းမှု ပြုလုပ်သည့် တက်ကြွလှုပ်ရှားသူများမှာ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၊ မြန်မာနိုင်ငံ တာဝန်ခံမှု ပရောဂျက် (Myanmar Accountability Project) နှင့် အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်း မာဇူကီ ဒါရုစ်မန်တို့ ဖြစ်သည်။