မဟာမိတ်ဖြစ်သော်လည်း တရုတ်အန္တရယ်ကို ရုရှား သတိထားနေ

တရုတ် သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ပူတင်အား တွေ့ရစဉ်။

The Hongkong Post

နိုင်ငံတကာဆက်ဆံရေးတွင် တရုတ်နှင့် ရုရှားတို့သည် ဒီမိုကရက်တစ်အနောက်အုပ်စုကို ဆန့်ကျင်သည့် ခိုင်မာအားကောင်းသည့် မဟာမိတ်များကဲ့သို့ဖြစ်နေသည်။

မကြာသေးမီက ပေါက်ကြားခဲ့သည့် လျှို့ဝှက်စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းများတွင် ယင်းဆက်ဆံရေးသည် ထင်သလောက် မခိုင်မာကြောင်း ဖော်ပြခဲ့သည်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့ထုတ် Financial Times မှ ပေါက်ကြားလာသော စာရွက်စာတမ်း ၂၉ စောင်တွင် ရုရှားစစ်တပ်က တရုတ်အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် အစောပိုင်းအဆင့် ပဋိပက္ခများအတွက် နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များ အသုံးပြုလေ့ကျင့်နေကြောင်း ဖော်ပြခဲ့သည်။

၂၀၀၈ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ရေးဆွဲခဲ့ပြီး ကျွမ်းကျင်သူများက အစစ်အမှန်ဖြစ်ကြောင်း သက်သေခံသည့် ယင်းစာရွက်စာတမ်းများတွင် ခေတ်မီစစ်ရေးဆိုင်ရာ ချဉ်းကပ်မှုတွင် ယခင်က ဝန်ခံထားသည်ထက် နည်းဗျူဟာ မြောက် နျူကလီးယားလက်နက်များကို ပိုမိုလွယ်ကူစွာ အသုံးပြုရန် ရုရှားက အဆင်သင့်ရှိကြောင်း ဖော်ပြခဲ့သည်။

၂၀၀၁ ခုနှစ်တွင် နျူလက်နက်အသုံးပြုခြင်းမှ ရှောင်ကြဉ်ရန် တရုတ်နှင့် ရုရှားက ကတိကဝတ်ပြုခဲ့သော် လည်း ယင်းစာရွက်စာတမ်းများက တရုတ်နှင့်ပတ်သက်ပြီး ရုရှား၏သံသယများကို ဖော်ပြခဲ့သည်။

တရုတ်၏ ကျူးကျော်ရန်စမှုများကို တားဆီးရန် နည်းဗျူဟာမြောက် နျူကလီးယားတုံ့ပြန်အသုံးပြုခြင်း အပါအဝင် တိုက်ပွဲအခြေအနေအချို့တွင် ရုရှားက နျူကလီးယားပထမဆုံးတိုက်ခိုက်မှုအတွက် ကြိုတင်ပြင်ဆင်ထားကြောင်း ရုရှားအရှေ့ပိုင်းစစ်တပ်များ၏ အမျိုးမျိုးသော တရုတ်ကျူးကျော်မှုအခြေအနေများကို တုံ့ပြန်ရန် လေ့ကျင့်နေပုံ များက ဖော်ပြနေသည်။

အမေရိကန် စိန့်သောမတ်တက္ကသိုလ် နိုင်ငံတကာလေ့လာရေးစင်တာမှ တွဲဖက်ပါမောက္ခ ယိုယွမ်ယီက တရုတ်နှင့် ရုရှားတို့၏ ဆက်ဆံရေး ပိုမိုအားကောင်းလာသော်လည်း နယ်မြေပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး သဘောတူညီချက် မရရှိသေးကြောင်း မှတ်ချက်ချခဲ့သည်။

ယူကရိန်းအပေါ် အာရုံစိုက်ခြင်းကြောင့် ရုရှားပိုင် ဆိုက်ဘေးရီးယားတွင် တရုတ်၏ ရန်လိုမှုအန္တရာယ် ဖြစ်နိုင်ချေ ရှိနိုင်သည့် ကာကွယ်ရေး၏ အားနည်းချက်ကိုလည်း ၎င်းက ထောက်ပြခဲ့သည်။

ထိုင်ဝမ်အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ သုတေသနအင်စတီကျုမှ ဒါရိုက်တာ ဆန်မင်းဆင်က တရုတ်-ရုရှားဆက်ဆံရေးတွင် အကျိုးစီးပွားကို အခြေခံသည့် သဘောသဘာဝကြောင့် ယင်းပေါက်ကြား မှုမှာ အံ့သြစရာမဟုတ်ကြောင်း ပြောကြားခဲ့သည်။