အစ္စရေး-ဟားမတ်စ် စစ်ပွဲ ဆိုးဝါးလာ၍ နိုင်ငံသားများကို ကယ်ထုတ်ရန် အင်ဒိုနီးရှား ပြင်ဆင်

အစ္စရေး-ဟားမတ်စ် စစ်ပွဲ ဆိုးဝါးလာ၍ နိုင်ငံသားများကို ကယ်ထုတ်ရန် အင်ဒိုနီးရှား ပြင်ဆင်

အစ္စရေးနှင့် ပါလက်စတိုင်း စစ်သွေးကြွအုပ်စု ဟားမတ်စ်ကြားက ပဋိပက္ခစစ်ပွဲက ဆိုးဝါးလာခြင်းကြောင့် အင်ဒိုနီးရှားနိုင်ငံသည် ၎င်း၏ နိုင်ငံသား ၁၀ ဦးကို ဂါဇာမှ ကယ်ထုတ်ရန် ပြင်ဆင်လျက် ရှိသည်။

လက်ရှိ၌ ဂါဇာတွင် နေထိုင်လျက်ရှိသော အင်ဒိုနီးရှားနိုင်ငံသား ၁၀ ဦး ရှိသည်ဟု နိုင်ငံခြားရေးရာဝန်ကြီးဌာနအရ သိရသည်။ နိုင်ငံသားများကို မည်သို့ ကယ်ထုတ်ရန် စီစဉ်ထားသည်ကို ဝန်ကြီးဌာနက အသေးစိတ် မဖော်ပြသော်လည်း ကယ်ထုတ်ရေး အစီအစဉ်ကို အခြေအနေအမျိုးမျိုးတွင် လုပ်ဆောင်သွားမည် ဖြစ်သည်။

“အခြေအနေအချို့နဲ့အတူ အင်ဒိုနီးရှားနိုင်ငံသားတွေကို ကယ်ထုတ်ဖို့ အစိုးရဟာ အရေးပေါ် အစီအစဉ်ကို ပြင်ဆင်နေတယ်၊ အမ်မန်၊ ဘိုင်ရွတ်နဲ့ ကိုင်ရိုတို့က အင်ဒိုနီးရှားသံရုံးတွေကနေ တဆင့် အစိုးရဟာ ပါလက်စတိုင်း ပိုင်နက်ထဲ အထူးသဖြင့် ဂါဇာကမ်းမြောင်မှာ ရှိနေတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၁၀ ဦးအပါအဝင် နိုင်ငံသားတွေကို ကယ်ထုတ်နိုင်ဖို့ အဖွဲ့အစည်းအမျိုးမျိုးနဲ့ ဆွေးနွေးညှိနှိုင်းနေတယ်”ဟု ဝန်ကြီးဌာန ပြောခွင့်ရသူ လာလူမိုဟာမတ်အစ်ဘာက အင်္ဂါနေ့တွင် ပြောသည်။

အစ္စရေးနှင့် ပါလက်စတိုင်းတို့တွင် နေထိုင်ကြသော နိုင်ငံသားများအနေဖြင့် ချက်ချင်းထွက်ခွာကြရန်လည်း အင်ဒိုနီးရှားက တိုက်တွန်းထားသည်။ ခရီးထွက်ရန် ပြင်ဆင်ထားသူများအနေဖြင့်လည်း အစိုးရထံမှ နောက်ထပ် သတိပေးချက် မရမချင်း ခရီးစဉ်ကို ပယ်ဖျက်ရန်လည်း ပြောဆိုထားသည်။

အကြမ်းဖက်မှု အရှိန်မြင့်နေခြင်း အဆုံးသတ်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက အခြားသော နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အဆက်မပြတ် ဆွေးနွေးပြောဆိုနေကြောင်းလည်း လာလူအရ သိရသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုသည် ဂျာကာတာသို့ ရောက်ရှိလာသော ဘရာဇီးနိုင်ငံခြားရေးဝန်ကြီး မော်ရိုဗီအီရာနှင့် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကို တနင်္လာနေ့က ဆွေးနွေးပြောဆိုခဲ့သည်။ ဘရာဇီးသည် လက်ရှိ၌ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် သဘာပတိမူထားသည်။

“အင်ဒိုနီးရှား အစိုးရရဲ့ လက်ရှိ ဦးတည်တာကတော့ လူသားချင်း စာနာထောက်ထားရေး အခြေအနေကိုပဲ၊ အထူးသဖြင့်တော့ အရပ်သား သေဆုံးမှုတွေကို ရှောင်ရှားနိုင်အောင်နဲ့ အကြမ်းဖက်မှုတွေ ချုပ်ငြိမ်းအောင် အားထုတ်နိုင်ဖို့ပဲ”ဟု လာလူက ပြောခဲ့သည်။