ကြီးထွား‌လာနေသော တရုတ် ရန်လိုမှုများကြားမှ မဟာမိတ်များကို ကူညီရန် အာရှသို့ ဂျာမန်ရေတပ် ရွက်လွှင့်

The Print

ဖရီးဂိတ်စစ်သင်္ဘော Baden-Wuerttemberg နှင့်အတူ ဂျာမန်တိုက်ခိုက်ရေးရေယာဉ် Frankfurt am Main သည် ဥရောပမှ အာရှသို့ စတင်ရွက်လွှင့်နေပြီဖြစ်သည်။ ဂျာမနီသည် တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ရန်လိုသော အပြုအမူများကို ဆန့်ကျင်ရာ၌ ၎င်း၏ မဟာမိတ်များကို ထောက်ခံကြောင်း ပြသရန် လှုပ်ရှားမှုများ လုပ်ဆောင်ခြင်းဖြစ်သည်။

ခရီးစဉ်အတွင်း အဆိုပါရေတပ်သည် အာရှနှင့် အမေရိကတိုက်များရှိ နိုင်ငံအများအပြား ပိုင်ဆိုင်သော အခြားရေတပ်များနှင့် အတူ Rim of the Pacific Exercise (RIMPAC) ရေတပ်စစ်ရေးလေ့ကျင့်ရာတွင် ပါဝင်မည်ဖြစ်ကြောင်း Nikkei Asia သတင်းတပုဒ်အရ သိရသည်။

(၂၉) ကြိမ်မြောက် (RIMPAC) စစ်ရေးလေ့ကျင့်မှုကို ၂၀၂၄ ဇွန်နှင့် ဇူလိုင်တွင် ပြုလုပ်မည်ဖြစ်သည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ဟာဝိုင်အီ ကျွန်းစုတဝိုက်ရှိ ရေပြင်တွင် ပြုလုပ်မည်ဖြစ်သည်။ သင်္ဘောများသည် ကနေဒါ၊ အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် ပြင်သစ်တို့မှ ရေတပ်သင်္ဘောများနှင့်အတူ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည်ဖြစ်သည်။

ယင်းသည် အမေရိကန်ရေတပ်မှ ဦးဆောင်သော RIMPAC စစ်ရေးလေ့ကျင့်မှုဖြစ်ပြီး ဟာဝိုင်အီတွင် နှစ်နှစ် တကြိမ် ပြုလုပ်သည့် ကမ္ဘာ့အကြီးဆုံး ရေကြောင်းစစ်ရေးလေ့ကျင့်မှုဖြစ်သည်။ ထို့ပြင် RIMPAC စစ်ရေးလေ့ကျင့်မှု ကာလအတွင်း ဂျာမန်လေတပ်သည် ရေတပ်သင်္ဘောများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

အလားတူ ပြင်သစ်နှင့် စပိန်လေတပ်တို့လည်း ပူးပေါင်းပါဝင်မည်ဖြစ်သည်။ ထို့ပြင် အီတလီသည် ၎င်း၏ လေယာဉ်တင်သင်္ဘော Cavour နှင့် F-35 ဘက်စုံသုံး တိုက်ခိုက်ရေးလေယာဉ်များ အပါအဝင် သင်္ဘောများနှင့်အတူ RIMPAC စစ်ရေးလေ့ကျင့်မှု တွင် ပါဝင်ရန် ကြိုးပမ်းနေသည်။ သီးခြားအနေဖြင့် ပြင်သစ်သည် ယခုနှစ်အတွင်း အင်ဒို-ပစိဖိတ်ဒေသသို့ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော Charles de Gaulle ကို စေလွှတ်ရန်လည်း စီစဉ်ထားသည်။

ဂျာမန်ဖရီးဂိတ်စစ်သင်္ဘော Baden-Wuerttemberg နှင့် Frankfurt am Main တို့သည် မြောက်အတ္တလန္တိတ်နှင့် ပနားမားတူးမြောင်းကိုဖြတ်၍ နေရပ်သို့ မပြန်မီ ဟာဝိုင်အီနှင့် ဂျပန် ယင်းနောက် တောင်တရုတ်ပင်လယ်၊ အိန္ဒိယသမုဒ္ဒရာနှင့် ပင်လယ်နီ တို့တွင် ရှစ်လကြာ ဖြတ်သန်းမည်ဖြစ်သည်။

အထူးသဖြင့် အင်ဒို-ပစိဖိတ်ဒေသ၏ နိုင်ငံရေးအခြေအနေသည် လွန်ခဲ့သည့် သုံးနှစ်အတွင်း ပိုမို ဆိုးရွားလာခဲ့သည်။ ယူကရိန်းနှင့် ဂါဇာကမ်းမြောင်ဒေသများတွင် နေ့စဉ်နှင့်အမျှ ဗုံးကြဲတိုက်ခိုက်မှုများ ကြုံနေချိန် တွင် ဒေသတွင်း၌ စစ်ပွဲဖြစ်ပွားမည့် ခြိမ်းခြောက်မှုများ ပိုမိုကျယ်လောင်လာသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဂျာမနီမှ ဒုတိယရေတပ်ဗိုလ်ချုပ်ကြီး ဂျန် ခရစ်ယန် ကခ် က ၎င်း၏ စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောကြားခဲ့ပြီး ဒေသတွင်း၌ တရုတ်၏ ရန်လိုသော လှုပ်ရှားမှုများကို ဖော်ပြခဲ့သည်။ မကြာသေးမီနှစ်များအတွင်းက ဖြစ်ရပ်များကြောင့် “ဥရောပနိုင်ငံများသည် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးတွင် ပိုမိုတက်ကြွစွာ ပါဝင်လုပ်ဆောင်ရန် ဗျူဟာမြောက် လိုအပ်”ကြောင်း ကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူများ၏ ပြောကြားချက်ကို ကိုးကားပြီး Nikkei Asia က ထုတ်ပြန်သည်။.

” ယူရေးရှား (ဥရောပ-အာရှ) ပူးပေါင်းတိုက် သည် ကမ္ဘာတွင် ပထဝီရေးအရ ဆုံးဖြတ်ချက် ချရာ၌ အရေးပါပြီး ဥရောပအစိုးရများသည် ရုရှား၊ ဟူသီ၊ အီရန်၊ တရုတ်၊ မြောက်ကိုရီးယား တို့နှင့် သက်ဆိုင်သော အဖြစ်အပျက်များကို စီမံခန့်ခွဲရန်  ကူညီဆောင်ရွက်ပေးမည်ဖြစ်” ကြောင်း US Naval War College မှ ပါမောက္ခ ဂျိမ်းစ် ဟုမ်းက ပြောသည်။

“ဂျာမန်ရေတပ်သည် ယခုအခါ တောင်တရုတ်ပင်လယ်ရှိ တင်းမာလာနိုင်ခြေရှိသော ပဋိပက္ခဇုန်နှင့် ထိုင်ဝမ်ရေလက်ကြားသို့ ဦးတည်သွားနေပြီဖြစ်သည်။ အဆိုပါ သင်္ဘော ၂ စင်းသည် တရုတ်ရေပိုင်နက် ရှိ ရေတပ် ပြည်သူ့စစ်များ  ဝိုင်းရံထားသော စိန်ခေါ်မှုများကို အထိအခိုက်မရှိ တုံ့ပြန်နိုင်မည်” ဟု ယုံကြည်ကြောင်း George C. Marshall European Center မှ လုံခြုံရေးလေ့လာရေးနှင့် မဟာဗျူဟာပြိုင်ဆိုင်မှုဆိုင်ရာ ပါမောက္ခ မေဘရစ် က ဆိုသည်။