ပန်ချန်လားမား ဘယ်ရောက်နေသည်ကို စုံစမ်းရန် နိုင်ငံတကာအား ဗုဒ္ဓဘာသာခေါင်းဆောင်များ တိုက်တွန်း

(ပုံစာ - ဗုဒ္ဓဘာသာ အကြီးအကဲများ သတင်းစာရှင်းလင်းပွဲ)

(ပုံစာ – ဗုဒ္ဓဘာသာ အကြီးအကဲများ သတင်းစာရှင်းလင်းပွဲ)

Devdiscourse

ပန်ချန်လားမား( ၁၁ ဆက်မြောက် ) မည်သည့်အရပ်သို့ ရောက်ရှိနေသည်ဆိုခြင်းအား ရှာဖွေရေးအတွက် စုံစမ်းစစ်ဆေးမှုပြုရန် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများနှင့် ခေါင်းဆောင်များက သောကြာနေ့တွင် တိုက်တွန်းသည်။

ကာနာတာကာရှိ တာရှီလန်ပိုဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် Tenzin Thupten Rabgyal၊ Kyabje Lochen Rinpoche၊ Tsechokling Tulku Tenzing Gelek၊ Sikkim နှင့် လာဒက်ရှ်ဗုဒ္ဓဘာသာအသင်း ယာယီဥက္ကဋ္ဌ Regzin Dorjay တို့က ဒါရမ်ရှာလာတွင် ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ပန်ချန်လားမားအကြောင်း သိရရေးအတွက် တောင်းဆိုကြသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲအတွင်း ဗုဒ္ဓဘာသာခေါင်းဆောင်များက ၁၁ ဆက်မြောက် ပန်ချန်ရင်ပိုချီအား ချက်ချက်ပြန်လွှတ်ပေးရေးကိုလည်း တောင်းဆိုကြသည်။

ထိုပြင် ဟိမဝန္တာဒေသမှ ဘုန်းကြီးကျောင်းအချို့ကို ကိုယ်စားပြုသော Zeekyab Rinpoche ဖတ်ကြားသည့် ပူးတွဲပန်ကြားချက်တွင် နိုင်ငံခြားအစိုးရများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ၁၁ ဆက်မြောက် ပန်ချန်လားမားနှင့် တွေ့ခွင့်ရပြီး ၎င်း ဘယ်မှာ ရှိမရှိနှင့် ကောင်းကောင်းမွန်မွန် ရှိမရှိကို သေချာစေရန် ၎င်းတို့၏ သံအမတ်များကို ညွှန်ကြားစေခိုင်းသင့်ကြောင်း တိုက်တွန်းထားသည်။

ပန်ချန်လားမားသည် သဲလွန်စဖျောက်ခံရသည့် သားကောာင်ဖြစ်သည်ကို နိုင်ငံတကာအစိုးရများမှ အသိအမှတ်ပြုရန်လည်း သတင်းစာရှင်းလင်းပွဲက တိုက်တွန်းသည်။

ပန်ချန်လားမားအကြောင်း မသိမြင် မကြားသိရသည်မှာ ၂၉ နှစ်နီးပါး ရှိပြီဖြစ်ပြီး ၎င်းသည် လူ့အခွင့်အရေး၊ ဘာသာရေးလွတ်လပ်ခွင့်၊ ကလေးသူငယ် အခွင့်အရေး၊ သွားလာလှုပ်ရှားခွင့်၊ နေရေးထိုင်ရေးနှင့် ပြုမူဆောင်ရွက်မှု အခြားသော အခြေခံအခွင့်အရေးများလည်း ငြင်းပယ်ခံရသည်။

၁၁ ဆက်မြောက် ပန်ချန်လားမားနှင့် အခြားသော တိဘက်နိုင်ငံရေးအကျဉ်းသားများအား ရှာဖွေရေးကော်မတီ ခေါင်းဆောင် တာရှီလန်ပိုဘုန်းကြီးကျောင်းမှ လားမားဖြစ်သူ Chadrel Rinpoche အား ပြန်လွှတ်ပေးရေးကို နိုင်ငံတကာအသိုင်းအဝိုင်းက တက်တက်ကြွကြွ တောင်းဆိုရန် ယခု CTA သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

“တိဘက်ထဲက ကြောက်မက်ဖွယ် အခြေအနေကို ပြောရမယ်ဆိုရင် တိဘက်ပြည်သူ ၁၅၀ ကျော်ဟာ ကိုယ်တိုင်စတေးခံ ဘဝမျိုးနဲ့ နေနေကြတယ်၊ နောက်ဆုံးလူတွေကတော့ အသက် ၂၅ နှစ်ရှိ တိဘက်အဆိုတော် Tsewang Norbu နဲ့ အသက် ၈၁ နှစ်ရှိ Taphun တို့ဖြစ်တယ်၊ ကိုယ်တိုင်စတေးခံကြတဲ့သူတွေဟာ တိဘက်အတွင်းက သေရေးရှင်ရေး အခြေအနေကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက အာရုံစိုက်လာအောင် ကိုယ့်ဘဝကို စတေးနေကြတာပဲ”ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဘုန်းတော်ကြီး ဒလိုင်းလားမား တိဘတ်သို့ စောစီးစွာ ပြန်လာနိုင်ရေးအတွက် ဇာတိမြေမှ တိဘက်များက စိတ်ဆန္ဒရှိနေကြသည်ကိုလည်း ထုတ်ပြန်ချက်၌ ဖော်ညွှန်းထားသည်။

ထိုအတွက် တိဘက်-တရုတ် ပဋိပက္ခအား အလယ်အလတ်လမ်းစဉ်ဖြင့် အပြန်အလှန် အကျိုးရှိစွာဖြင့် ဖြေရှင်းနိုင်ရေးအတွက် မြင့်မြတ်သော ဒလိုင်းလားမားနှင့် ဗဟိုတိဘက်အစိုးရအား ထောက်ခံရန် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ခိုင်ခိုင်မာမာ စဉ်းစားသုံးသပ်ရေးကိုလည်း ၎င်းတို့က မေတ္တာရပ်ခံသည်။

ထိုပြင် လက်ဒက်ရှ်ဗုဒ္ဓဘာသာအသင်း၏ ယာယီဥက္ကဋ္ဌ Regzin Dorjay ကလည်း ပန်ချန်လားမား ဘယ်မှာရှိသည်နှင့် စပ်လျဉ်းပြီး အိန္ဒိယအစိုးရအနေဖြင့် တရုတ်နှင့် ဆွေးနွေးရန်နှင့် အခြေအနေကို ကုလသမဂ္ဂက ကြားဝင်ပေးရန် တိုက်တွန်းသည်။

“ဗုဒ္ဓဘာသာ အကြီးအကဲတယောက်အနေနဲ့ ပန်ချန်လားမားရဲ့ လက်ရှိ အခြေအနေကို ကျွန်တော် အတော်လေး သံသယဖြစ်တယ်၊ သူ ပျောက်ဆုံးကတည်းက သူ့ကို ဘယ်သူမှ မတွေ့တော့တာကြောင့်ဘဲ၊ ကျွန်တော်တို့ရဲ့ လူ့အခွင့်အရေးကို ခုလို ချိုးဖောက်တာအတွက် တရုတ်အစိုးရကို ကျွန်တော်တို့ ဖိအားပေးရမယ်၊ ဒါဟာ ဗုဒ္ဓဘာသာ အသိုက်အဝန်းအတွက် သိသာထင်ရှားတဲ့ ဆုံးရှုံးမှုဘဲ ဖြစ်တယ်၊ ပန်ချန်လားမား ပျောက်နေတာ နှစ်ပေါင်းအတော်ကြာနေပြီ ဖြစ်တယ်”ဟု ၎င်းက ပြောခဲ့သည်။