လျှပ်စစ်မီး ပျက်ချိန်များလာ၍ MSME လုပ်ငန်းများထိခိုက်ဟုဆို

မဇ္ဈိမ။ ။ လျှပ်စစ်မီးပြတ်တောက်မှုလာ၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ထိခိုက်လာပြီး လုပ်ငန်းတချို့ ရပ်ဆိုင်းထားရကြောင်း သိရသည်။

လျှပ်စစ်ဝန်ကြီးဌာနအနေဖြင့် လက်ရှိတွင် နေ့စဉ်တရက်ပျမ်းမျှ ၂၈၀ဝ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်သည့်အတွက် တနိုင်ငံလုံး၏ လျှပ်စစ်လိုအပ်ချက် ၅၀ ရာခိုင်နှုန်း ခန့်ကိုသာ လျှပ်စစ်ထုတ်လုပ်ပေးနိုင်သည်ဟု သိရသည်။

‘’မီးပျက်တာက အရင်က ဆိုရင် မနက် ၉နာရီကနေ ပျက်တယ်။ နေ့လယ် ၁နာရီ လာတယ်။ ညနေ၅နာရီပျက်တယ်။ ည၉နာရီတခါပြန်လာတာ တောက်လျှောက် နောက်နေ့မနက်၆နာရီထိ၊ အခုတော့ဒီလိုမဟုတ်တော့ဘူး။ ညနေ၅နာရီလာတဲ့မီးက ၉နာရီဆိုရင်ပြန်ပျက်တယ်။ အချိန်တွေက မီးပျက်ချိန်အရမ်းများသွားတယ်။ အဲဒီအတွက်ကျွန်တော်တို့ တနိုင်တပိုင်လုပ်ငန်းရှင်တွေ အလုပ်တွေနားလိုက်ရတယ်” ဟု လုပ်ငန်းရှင်တဦးက ဆိုသည်။

အဆိုပါလုပ်ငန်းရှင်က ထပ်မံရှင်းပြရာတွင် ‘’စစ်ကောင်စီက သူ့လက်ထက်မှာ MSMEလုပ်ငန်းတွေကို အားပေးတယ်။ မတည်ငွေထုတ်ပေးတယ်သာ ပြောတာ။ တကယ်တမ်းကျတော့ ထင်သလောက် မလွယ်ဘူးလေ။ ကျွန်တော်ဆိုရင် တနိုင်တပိုင် ဆီကြိတ်စက်ထောင်ထားတယ်။ အဲဒါလည်ဖို့ ရိုးရိုးအိမ်သုံးမီတာနဲ့ မရဘူး ပါဝါမီတာ လျှောက်ရတယ်။ သိန်းရာကျော်ကုန်တယ်။ အခုစက်လည်မယ်ဆိုတော့ မီးကမမှန်တော့ဘူး။ ပျက်ချင်သလိုပျက်နေတာ။ ကျနော်တို့ကအချိန်နဲ့မီးပျက်တာကို လက်ခံပါတယ်။ ဒါပေမဲ့ သူကစက်လည်နေရင်း မီးပျက်တော့ ကြိတ်ဖက်တွေက စက်ထဲမှာပိတ်ပြီး စက်တွေ အလုပ်မလုပ်တော့ဘူး၊ ပစ္စည်းဆုံးရှုံးမှုတွေဖြစ်ကုန်တာပေါ့။ အဲဒီတော့အလုပ်တွေ ရပ်နားထားလိုက်ရတယ်” ဟုလည်း ဆိုသည်။

ယခင်က မီးပျက်ချိန်များတွင် မီးစက်များအသုံးပြုကာ လုပ်ငန်းလည်ပတ်ခဲ့သည်ဟုလည်း လုပ်ငန်းရှင်တဦးကဆိုသည်။

“ အရင်က မီးစက်သုံးနိုင်သေးတယ်။ အခုက မီးပျက်ချိန်အရမ်းများလာတော့ မီးစက်လည်ဖို့ စက်သုံးဆီအတွက်မှာတင် ငွေအများကြီးသုံးနေရတယ်။ အမြတ်နဲ့ အရင်း မမျှသလို ဖြစ်နေပြီ ”ဟုလည်း ၎င်းကဆိုသည်။

လျှပ်စစ်မီးပျက်ရခြင်းသည် PDF များက ဓါတ်အားလိုင်းတာဝါတိုင်းများအား ဖောက်ခွဲ ဖျက်ဆီးခြင်း၊ ဓာတ်အားခွဲရုံကြီး ငါးရုံ ဖောက်ခွဲဖျက်ဆီးခံရခြင်းကြောင့်ဟု စစ်ကောင်စီက ဝါဒဖြန့် သတင်းဌာနများတွင် ဖော်ပြသည်။

စာတည်း။ ။အောင်ကျော်ဖြိုး