မြန်မာနယ်စပ်ဒေသမှ တရုတ်နိုင်ငံသားများ ထွက်ခွာကြရန် တရုတ် တိုက်တွန်း

ပုံဟောင်း/Photo:AFP

AFP-မြန်မာတွင် အာဏာသိမ်းစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်နေစဉ် လုံခြုံရေးအန္တရာယ် မြင့်တက်နေမှုကြောင့် မြန်မာမြောက်ပိုင်းဒေသတခုမှ တရုတ်နိုင်ငံသားများ ထွက်ခွာကြရေး မြန်မာနိုင်ငံရှိ တရုတ်သံရုံးက ဒီဇင်ဘာ ၂၈ ရက်တွင် တိုက်တွန်းသည်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့က အာဏာသိမ်းစစ်တပ်ကို စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် အောက်တိုဘာလမှစပြီး တိုက်ပွဲများ အရှိန်မြင့်ပြင်းထန်နေခဲ့သည်။

မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် တရုတ်နှင့် ကုန်သွယ်မှုအတွက် ပဓာနကျသော နယ်စပ် အချက်အချာနေရာများနှင့် မြို့တချို့ကို သိမ်းပိုက်ထိန်းချုပ်ခဲ့ရာ ယင်းသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းစစ်အုပ်စုအတွက် အကြီးမားဆုံး စစ်ရေး စိန်ခေါ်မှုနှင့် ရင်ဆိုင်ရခြင်းဖြစ်ကြောင်း အကဲခတ်များက ပြောသည်။

ညီနောင်မဟာမိတ်အုပ်စုအနက် တဖွဲ့ဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) က လောက်ကိုင်မြို့ကို ပြန်လည်သိမ်းပိုက်မည်ဟု သန္နိဋ္ဌာန်ချ ပြောဆိုထားသည်။

လောင်းကစားခြင်း၊ ပြည့်တန်ဆာမှုနှင့် အွန်လိုင်းငွေလိမ်လုပ်ငန်းများဖြင့် နာမည်ဆိုးထွက်ပြီး စစ်တပ်နှင့်မဟာမိတ်ပူးပေါင်းထားသည့် ပြည်သူ့စစ်အဖွဲ့များ စီမံခန့်ခွဲသော တရုတ်နယ်စပ် မြန်မာနိုင်ငံဒေသတခု၌ လောက်ကိုင်မြို့ တည်ရှိသည်။

“မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ဒေသ လောက်ကိုင်မှာ ပဋိပက္ခတွေက ဆက်ဖြစ်နေတယ်။ အဲဒီမှာ ပိတ်မိသောင်တင်နေတဲ့သူတွေအတွက် လုံခြုံရေးအန္တရာယ်တွေက မြင့်တက်နေတယ်” ဟု တရုတ်သံရုံးက WeChat မှတဆင့် ပြောသည်။

“လောက်ကိုင်ဒေသကနေ တရုတ်နိုင်ငံသားတွေ တတ်နိုင်သမျှ အမြန်ဆုံး ဘေးလွတ်ရာ ထွက်ခွာရွှေ့ပြောင်းကြဖို့ မြန်မာမှာရှိတဲ့ တရုတ်သံရုံးအနေနဲ့ ထပ်မံသတိပေးနှိုးဆော်ပါတယ်”
မြန်မာစစ်ကောင်စီသည် လောက်ကိုင်ကို ဝိုင်းရံသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကိုးကန့်ဒေသတွင် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ပြီး မြို့၏ အပိုင်းအရပ်နေရာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း MNDAA နှင့်ဆက်နွယ်သည့် မီဒီယာများက ဖော်ပြသည်။

သဘောထားမှတ်ချက်အတွက် MNDAA ပြောရေးဆိုခွင့်ရှိသူထံ အေအက်ဖ်ပီက ဆက်သွယ်ထားသည်။
ယခုလအစောပိုင်းက တရုတ်က ၎င်းတို့အနေဖြင့် မြန်မာစစ်တပ်နှင့် ညီနောင်မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ဆွေးနွေးမှုများကို စေ့စပ်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ယာယီ အပစ်ရပ်စဲမှုအတွက် သဘောတူညီချက်တခု ရခဲ့ကြောင်း ပြောသည်။

သို့သော် ရှမ်းပြည်နယ်၏ နေရာဒေသများတွင် တိုက်ပွဲများက ဆက်ဖြစ်နေခဲ့ပြီး ညီနောင်မဟာမိတ်အုပ်စု၏ အခြားအဖွဲ့ဝင်တဖွဲ့ဖြစ်သည့် တအောင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က မကြာသေးသည့် ရက်များအတွင်း နောက်ထပ်မြို့နှစ်မြို့ကို သိမ်းပိုက်ရရှိကြောင်း ပြောဆိုခဲ့သည်။

(ကိုလူအေး ဘာသာပြန်သည်)