သံအမတ်ဟောင်း အသတ်ခံရမှု သံသယရှိသူ မြန်မာလူငယ်ကို ကူညီဖမ်းဆီးပေးရန် စစ်ကောင်စီကို ထိုင်း တောင်းဆို

သံအမတ်ဟောင်း အသတ်ခံရမှု သံသယရှိသူ မြန်မာလူငယ်ကို ကူညီဖမ်းဆီးပေးရန် စစ်ကောင်စီကို ထိုင်း တောင်းဆို

အငြိမ်းစား ထိုင်းသံအမတ်ဟောင်းတဦး ဘန်ကောက်ရှိ နေအိမ်၌ အသတ်ခံရမှုဖြစ်စဉ်တွင် ထွက်ပြေးသွားသည့် သံသယရှိသူ မြန်မာတဦးကို ကူညီ ဖမ်းဆီးပေးရေး ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က မြန်မာစစ်ကောင်စီ အာဏာပိုင်တို့ထံ တောင်းဆိုထားကြောင်း သိရသည်။

ပြစ်မှုဆိုင်ရာ တရားရုံး၏ ဖမ်းဝရမ်း ထုတ်ခြင်း ခံထားရသည့် အသက် ၁၉ နှစ်အရွယ် စိုင်းမြတ်မိုး ဆိုသူ မြန်မာနိုင်ငံသားတဦးသည် ဒိန်းမတ်ဆိုင်ရာ ထိုင်းသံအမတ်ဟောင်း အသက် ၆၃ နှစ်ရှိ ဗီချစ် ချစ်ဗီမန်း ကို ကြိုတင်ကြံရွယ် လူသတ်မှု ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

အဆိုပါ သံသယရှိသူသည် ချင်းရိုင်ပြည်နယ်ရှိ မယ်ဆိုင် နယ်စပ် စစ်ဆေးရေးဂိတ်မှတဆင့် ထွက်ပြေးသွားပြီးနောက် မွေးရပ်မြေ ရန်ကုန်သို့ သွားရန် လေယာဉ်လက်မှတ်တစောင် ဝယ်ယူခဲ့သည် ဆိုသည့် သတင်းများ ရရှိထားကြောင်း ချင်းရိုင် လူဝင်မှုရုံး အကြီးအကဲ ရဲမှူးကြီး ခမ်မာချတ် ဝတ်တာနာနာဖာကဆမ်းက အောက်တိုဘာ ၁၀ ရက်တွင် ပြောသည်။

အဆိုပါ သံသယရှိသူကို ကူညီ ရှာဖွေ ဖမ်းဆီးရေး မြန်မာတာဝန်ရှိသူများဘက်မှ ပူးပေါင်းဆောင်ရွက်မှုကို တောင်းခံထားကြောင်း ရဲမှူးကြီး ခမ်မာချတ်က ပြောသည်။ မျာမကြာမီ ဖမ်းဆီးနိုင်လိမ့်မည်ဟု ၎င်းက မျှော်လင့်ထားသည်။

အငြိမ်းစား ထိုင်းသံအမတ်ဟောင်းကို အောက်တိုဘာ ၈ ရက်က Vibhavadi Rangsit လမ်းပေါ်ရှိ အိမ်ရာတခုရှိ ၎င်း၏ နေအိမ်၌ ရင်ဘတ် ထိုးသွင်းဒဏ်ရာ သုံးချက်ဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့ရခြင်းဖြစ်သည်။

သေဆုံးသူသည် ထိုအိမ်သို့ စက်တင်ဘာ ၉ ရက်ကမှ ပြောင်းရွှေ့ရောက်ရှိခဲ့ပြီး တကိုယ်တည်း နေထိုင်ခဲ့ကြောင်း သိရသည်။ ပြစ်မှုကျူးလွန်သူဟု သံသယရှိသူသည် စက်တင်ဘာ ၁၉ ရက်မှစပြီး ထိုအိမ်၌ ထိုင်းသံအမတ်ဟောင်းအတွက် အလုပ်လုပ်ကိုင်ပေးခဲ့သူဖြစ်သည်။

သံသယရှိသူသည် အိမ်ဆေးသုတ်သူတဦးဖြစ်ကြောင်း မက်ထရိုပိုလစ်တန် ရဲဌာန အမှတ် ၂ ၏ အကြီးအကဲ ရဲမှူးချုပ် အက်တာပိုလ် အနူဆစ်က အောက်တိုဘာ ၉ ရက်က ပြောသည်။ စီစီတီဗွီ ရုပ်သံအရ ၎င်းသည် အသတ်ခံရသည့် သံအမတ်ဟောင်း၏ အိမ်သို့ စက်တင်ဘာ ၂၅ ရက်က ရောက်လာသည်ကို တွေ့ရသည်။ သံအမတ်ဟောင်း ဗီချစ်က ဂိတ်တံခါးဖွင့်ပြီး ၎င်းအား ဝင်ခွင့်ပေးခဲ့သည်။

ယင်းနောက် သုံးရက်အကြာတွင် သံသယရှိသူသည် ထိုင်းသံအမတ်ဟောင်းကို နေအိမ် ပထမထပ်တွင် ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ဗီချစ်က ဒုတိယထပ် သန့်စင်ခန်းထဲ ထွက်ပြေးခဲ့ပြီး ယင်းတွင် တိုက်ခိုက်သူက ၎င်းအား ဓားဖြင့် ခြိမ်းခြောက်ပြီး အေတီအမ်ကဒ် လျှို့ဝှက်ကုဒ်နံပါတ် တောင်းပြီးနောက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ရဲများက ပြောသည်။ ယင်းနောက်တွင် ရှော့ပင်းမောလ် တခုရှိ အေတီအမ်စက်တလုံး၌ ဗီချစ်၏ ဘဏ်ငွေစာရင်းမှ ဘတ်သိန်းချီ ထုတ်ယူသွားကြောင်း သိရသည်။

စိုင်းမြတ်မိုးသည် ချင်းရိုင်သို့ ထွက်ပြေးပြီး ထို့နောက် စက်တင်ဘာ ၂၉ ရက်တွင် မယ်ဆိုင် စစ်ဆေးရေးဂိတ်မှတဆင့် နယ်စပ်ဖြတ်ကျော်ကာ မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ဝင်ရောက်ခဲ့သည်။

လုံခြုံရေးကင်မရာ မှတ်တမ်းများအရ စိုင်းမြတ်မိုးသည် ဘန်ကောက်-နန်း ခရိုင်ချင်းဆက် ဘတ်စ်ကားကို စီးခဲ့ပြီး စက်တင်ဘာ ၂၉ ရက် မနက် ၆ နာရီ ၅၅ မိနစ်တွင် မယ်ဆိုင်ကို ရောက်ရှိခဲ့သည်ကို ပြသနေသည်။ ၎င်းသည် ဆိုင်ကယ်တက္ကစီဖြင့် လူဝင်မှု စစ်ဆေးရေးဂိတ်သို့ မနက် ၇ နာရီ ၁၂ မိနစ်တွင် ရောက်ရှိပြီး နယ်စပ်ဖြတ်ကာ မြန်မာဘက် ဝင်ရောက်ခဲ့ကြောင်း သိရသည်။