စစ်ရေးတင်းမာနေ၍ ကျိုက်ထီးရိုးဘုရားဖူးများကို PDFက လုံခြုံရေးသတိပေး

စစ်ရေးတင်းမာနေ၍ ကျိုက်ထီးရိုးဘုရားဖူးများကို PDFက လုံခြုံရေးသတိပေး

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့က ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံအနီး လက်နက်ကြီးထိမှန်ခဲ့သည့် ဘုရားဖူးကား။ ဓါတ်ပုံ- Saw Ba Maung

YT (မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားပွဲမကြာခင်စတင်တော့မည်ဖြစ်ပြီး လတ်တလော ဒေသတွင်း လုံခြုံရေးအခြေအနေအရ မလိုအပ်ဘဲ ခရီးသွားလာခြင်းမပြုလုပ်ရန် သထုံခရိုင် PDF နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့အချို့ကပြည်သူများအား မေတ္တာရပ်ခံသည်။

လာမည့်အောက်တိုဘာလ ၂၉ ရက်နေ့ သတင်းကျွတ်လပြည့်နေ့တွင် ကျိုက်ထီးရိုးဘုရားပွဲ စတင် ဖွင့်လှစ်မည်ဖြစ်ပြီး ကျိုက်ထိုမြို့အပါအဝင် မွန်ပြည်နယ်အတွင်း အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်၍ သတိပေးခြင်းဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက မဇ္ဈိမကိုပြောသည်။

” အဓိကက ပြည်သူလူထုပါပဲ။ တနိုင်ငံလုံးမှာ နေရာတိုင်းမှာ စစ်ပွဲတွေ ကြီးကြီးမားမားဖြစ်နေတယ်။ စစ်ပွဲတွေဖြစ်နေတဲ့နေရာမှာ မလိုအပ်ဘဲနဲ့တော့ ဘယ်နေရာမှ သွားလာမှု မလုပ်ဖို့ အနူးအညွှတ်မေတ္တာရပ်ခံချင်ပါတယ်” ဟု ကိုအေးမင်းထွန်းက ဆိုသည်။

ယခုနှစ် ကျိုက်ထီးရိုးဘုရားပွဲတော်ကာလတွင် စစ်ကောင်စီက တည်းခိုခနှုန်းထားများ တန်းတူ သတ်မှတ်ခြင်း၊ကျိုက်ထီးရိုးဘုရားပေါ်သို့ အကြိုအပို့အခမဲ့ပြုလုပ်ပေးခြင်း၊ စတုဒီယာကျွေးမွေးခြင်းများဖြင့် ဘုရားဖူးပြည်သူများအောင်ကြိုးပမ်းလျက်ရှိသည်ဟု ‌ဒေသခံများကပြောသည်။
” စစ်ကောင်စီအနေနဲ့ကတော့ ကျိုက်ထီးရိုးဘုရားမှာ ငြိမ်းချမ်းနေပါပြီ။ အေးချမ်းနေပါပြီ။ ကျိုက်ထီးရိုးဘုရားကို လာရောက်ဖူးမျှော်လို့ရပါပြီ ဆိုပြီးတော့ အမျိုးမျိုးပြောမှာပဲ။ စည်ကားနေတယ်၊ ငြိမ်းချမ်းနေတယ်ဆိုတာကို သူတို့က နိုင်ငံတကာကို ပြချင်တဲ့ပုံစံမျိုးပေါ့” ဟု ကိုအေးမင်းထွန်းကပြောသည်။

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုများ မကြာခဏပြုလုပ်လေ့ရှိပြီး အရပ်သားအချို့ ထိခိုက်သေဆုံးမှုများ ဖြစ်ပွားခဲ့ဖူးသည်။ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့၊ နေ့လယ်ပိုင်းတွင် ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံ အနီး၌ ကျိုက်ထီးရိုးသို့ ဘုရားဖူးလာသည့် Light Truck ကားပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့၍ ကားပေါ်မှ အမျိုးသားတဦး သေဆုံးပြီး ခုနစ်ဦးဒဏ်ရာရခဲ့သည်။စစ်ကောင်စီက ပစ်ခတ်ခြင်းဟု ဒေသခံများကပြောသည်။

ထို့အပြင် ကျိုက်ထိုမြို့နယ်မှ စစ်ကောင်စီဂိတ်စခန်းများ၊ တပ်ရင်းများ၊ စစ်ယာဉ်တန်းများ၊ ကင်းပုန်းများအား တော်လှန်ရေးအင်အားစုများက တိုက်ခိုက်လေ့ရှိပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများ မကြာခဏ ဖြစ်နေသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့ကလည်း ကင်မွန်းစခန်းကျေးရွာရှိ ကျိုက်ထီးရိုးတောင်တက် ကားဂိတ်အနီးတွင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ဘုရားဖူးလာရောက်သည့် ရန်ကုန်တိုင်းမှ အမျိုးသမီးသုံးဦးသေဆုံးခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်သည် တော်လှန်ရေးအင်အားစုအယောင်ဆောင်၍ အများပြည်သူသွားလာရာ လမ်းများတွင် ဖောက်ခွဲမှုများ၊ ခြိမ်းခြောက်မှုများ ပြုလုပ်လာနိုင်သည်ဟု တော်လှန်ရေးအင်အားစုများကသတိပေးထားသည်။

ကျိုက်ထိုမြို့နယ် တော်လှန်ရေးအင်အားစု (KRF) ဒုတိယတာဝန်ခံ ကိုရဲသွေးညီက ” ပွင့်လင်းကာလရောက်လာရင် ပိုဆိုးမှာ။ သူတို့(စစ်ကောင်စီ)လည်း ပိုပစ်မှာပဲ။ ကျွန်တော်တို့ဘက်ကလည်း သွားပြီး တိုက်ခိုက်တာမျိုးတွေ ရှိလာမှာပဲ။ ဒါကိုတော့ အထူးတလည်ပြောစရာမရှိဘူး။ တိုက်ပွဲတွေက ခပ်စိပ်စိပ်ဖြစ်လာတော့မယ်လို့ ကျွန်တော်သုံးသပ်မိတယ်။ နောက်ဆုံးအနေနဲ့ ပြည်သူ​တွေအနေနဲ့ တော်လှန်အသိ တော်လှန်သတိလေးရှိပြီတော့ ကိုယ့်ဘာသာ အိမ်မှာ အေးအေးဆေးဆေးလေး နေစေချင်တယ်” ဟု တိုက်တွန်းသည်။

လက်ရှိကာလတွင်လည်း မွန်ပြည်နယ်သို့သွားသည့် ရန်ကုန်-ပဲခူး- မော်လမြိုင်လမ်း၊ မြဝတီ- ကော့ကရိတ်-ဘားအံ- မော်လမြိုင်လမ်း၊ ထားဝယ် – ရေး – မော်လမြိုင်- ပြည်ထောင်စုကားလမ်းမတလျှောက် လုံခြုံရေးသတိရှိကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏသတိပေးနေကြသည်။

စာတည်း -အေးချမ်း

ဓါတ်ပုံ- Saw Ba Maung