စစ်အာဏာသိမ်းပြီး လပေါင်း ၃၀ ကျော်အတွင်း ချင်းလူမျိုး ၅၀၀ ကျော် အသက်ဆုံးရှုံး

စစ်အာဏာသိမ်းပြီး လပေါင်း ၃၀ ကျော်အတွင်း ချင်းလူမျိုး ၅၀၀ ကျော် အသက်ဆုံးရှုံး

ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး သင်္ဂြိုလ်နေစဥ် ဓါတ်ပုံ – ချင်းအမျိုးသားအဖွဲ့ချုပ်

ပါခွီး(မဇ္စျိမ)။ ။မြန်မာနိုင်ငံတွင် စစ်တပ်က ဥပဒေမဲ့ အာဏာလုယူပြီးနောက် လူအခွင့်အရေးချိုးဖောက်မှုနှင့် နည်းမျိုးစုံဖြင့်သတ်ဖြတ်မှုတို့ကြောင့် ချင်းလူမျိုး ၅၂၈ ဦးသေဆုံးခဲ့ကြောင်း ချင်းရေးရာအဖွဲ့ချုပ်(ICA)က အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်တိုက်ခိုက်မှု၊ လေကြောင်းနှင့် လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်မှုများ ကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့အထိ ၃၂ လအတွင်း ချင်းလူမျိုး အရပ်သား ၂၁၇ ဦး နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၁၁ ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

“အခုအစီရင်ခံစာက ပြည်တွင်းမှာရှိတဲ့ဝန်ထမ်းတွေ ကောက်ယူထားတဲ့ အချက်အလက်တွေကို ဒေသခံ တွေ အတည်ပြုထားတာတွေပါ။ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်ပေါ်မူတည်ပြီး ဒေသခံ တွေရဲ့ပြောဆိုချက်တွေကို ပြန်စိစစ်ပြီး အတည်ပြုထားတဲ့စာရင်းတွေဖြစ်ပါတယ်။ ဒီအချက်အလက်တွေ က ချင်းပြည်နယ်တခုလုံးကို လွှမ်းခြုံနိုင်ပါတယ်” ဟု ICA လက်ထောက်ညွှန်ကြားရေးမှူး ဆလိုင်းဗန်ဆွီးစံ ကမဇ္စျိမကိုပြောသည်။

ယခုကဲ့သို့ဖြစ်စဉ်များသည် ချင်းလူမျိုးတခုတည်းသာမဟုတ်ဘဲ မြန်မာနိုင်ငံရှိ မျိုးနွယ်စုအားလုံး တွေ့ကြုံ ခံစားနေရခြင်းဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် လက်ပိုက်ကြည့်နေပြီး ထုတ်ပြန်ချက်ထုတ် ပြန်နေရုံမကဘဲ ထိရောက်သော အရေးယူမှုများ အမြန်ဆုံးပြုလုပ်သင့်ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု၊ မြေမြှုပ်မိုင်း၊ လက်နက်ကြီးနှင့် ဖမ်းဆီးနှိပ်စက်မှုကြောင့် သေဆုံးသူအရပ်သား ၂၁၇ ဦးတွင် အမျိုးသမီး ၃၈ ဦး နှင့် အမျိုးသား ၁၇၉ ဦးရှိကြောင်း ထုတ်ပြန်ချက်က ဖော်ပြသည်။

အရပ်သားသေဆုံးမှုအတွင်း အသက် ၁၈ နှစ်အောက် မိန်းကလေး လေးဦးနှင့် ယောကျ်ားလေး ၂၀ ဦးဖြစ် ပြီး စုစုပေါင်း ၂၄ ဦး ပါဝင်ကြောင်းသိရသည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခုခံသည့် ချင်းအမျိုးသားများ နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲပေါင်း ၇၅၀ နီးပါးဖြစ်ပွားခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီး ၁၅ ဦး နှင့် အမျိုးသား ၂၉၆ ဦး စုစုပေါင်း ၃၁၁ ဦး ကျဆုံးခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ကျဆုံးသူများတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၅ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၂၃ ဦး၊ သက်သေဖျောက် သည့်အနေဖြင့် အလောင်းမီးရှို့ဖျက်ဆီးခံရသူ ကိုးဦး၊ ဒဏ်ရာရရှိပြီး ဆေးဝါးကုသခွင့်မရရှိမှုကြောင့် ၁၈ ဦးနှင့် တိုက်ပွဲများအတွင်းကျဆုံးသူ ၂၃၅ ဦးရှိကြောင်း သိရသည်။

ချင်းလူမျိုးများသေဆုံးမှုတွင် ခရစ်ယာန်ဘာသာရေးခေါင်းဆောင် ဓမ္မအမှုတော်ဆောင်ဆရာတော် ငါးပါး နှင့် အသင်းထောက်လူကြီးသုံးဦး သတ်ဖြတ်ခံရမှုပါဝင်သလို ချင်းအမျိုးသမီးခြောက်ဦးကို စစ်ကောင်စီ တပ်သားများက အုပ်စုဖွဲ့၍ မုဒိန်းကျင့်ပြီး သတ်ဖြတ်ခဲ့မှုလည်းပါဝင်ကြောင်း အစီရင်ခံစာကဆိုသည်။

၎င်းအပြင် ချင်းပြည်နယ်အတွင်းနှင့် ပြင်ပများရှိ ချင်းလူမျိုးများပိုင်ဆိုင်သော လူနေအိမ်နှင့် အဆောက် အဦး ၂၁၀၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီး ဘာသာရေးအဆောက်အဦး ၁၀၁ ခု ထက်မနည်း ဖျက်ဆီးခံရ ကြောင်း သိရသည်။

ယခုကဲ့သို့ ချင်းလူမျိုးများ၏ အသက်အိုးအိမ်စည်းစိမ်များ ရင်းနှီးခဲ့ရမှုအပေါ် နိုင်ငံရေးအကျိုးအမြတ်များ ရရှိခံစားနိုင်စေရန် နိုင်ငံရေးအချိုးအကွေ့များတွင် ချင်းတော်လှန်ရေးအား မည်သို့ပြုလုပ်သင့်သည့်ကို တော်လှန်ရေးခေါင်းဆောင်များ စဥ်းစားသင့်ကြောင်း ဆလိုင်းဗန်ဆွီးစံက တိုက်တွန်းထားသည်။

စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာသဖြင့် အထိအခိုက်အသေ အပျောက်နည်းပါးစေရန် ပြည်သူများအနေဖြင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး လေကြောင်း ရန် အကာကွယ်များပြုလုပ်ထားရန် လိုအပ်ကြောင်း ICA လက်ထောက်ညွှန်ကြားရေးမှူးက ဆက်ပြောသည်။

စစ်ကောင်စီတပ်က မြေပြင်၊ ဝေဟင် သာလွန်အင်အားသုံး၍ အရပ်သားပစ်မှတ်များကို တိုက်ခိုက်နေ သဖြင့် ချင်းအမျိုးသားများ၏ အခြေခံရပိုင်ခွင့်ဖြစ်သော အသက်ရှင်နေထိုင်ခွင့်၊ ပညာသင်ကြားခွင့်၊ ကိုး ကွယ်ခွင့်၊ ဘေးကင်းလုံခြုံခွင့်များ ဆုံးရှုံးလျက်ရှိနေကြောင်း ဆိုသည်။

စစ်ကောင်စီတပ်သည် ဂျနီဗာသဘောတူညီချက်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း များကိုဆန့်ကျင်ပြီး ညှဉ်းပန်းနှိပ်စက်မှုများပြုလုပ်နေသဖြင့် နိုင်ငံတကာဥပဒေအရ ပြင်းထန်စွာ အရေးယူ နိုင်ရေးအတွက် သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများထံသို့ ICA အနေဖြင့် ပုံမှန်အချက်အလက် သက် သေများပေးပို့ခြင်းနှင့် လက်တွဲဆောင်ရွက်နိုင်ရန် စည်းရုံးလှုံ့ဆော်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရ သည်။

စာတည်း။ ။စောဖေ