မြစ်ကြီးနား−ဗန်းမော်ကားလမ်းပေါ်ရှိ ကဇူး−ဒဘတ်တံတား မိုင်းခွဲခံရ

ပုံအညွှန်း- မိုင်းခွဲခံရသည့် ကဇူး−ဒဘတ်တံတား (Photos-Padang Dawnghkawn FB)

ပုံအညွှန်း- မိုင်းခွဲခံရသည့် ကဇူး−ဒဘတ်တံတား (Photos-Padang Dawnghkawn FB)

ရွှေနွယ်

(မဇ္ဈိမ) ။ ။ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ ကဇူးယန်ကျေးရွာနှင့် ဒပတ်ယန်ကျေးရွာအနီး မြစ်ကြီးနား−ဗန်းမော် ကားလမ်းပေါ်တွင် တည်ရှိသော ကဇူး−ဒဘတ်တံတား မိုင်းခွဲဖျက်ဆီးခံရမှု ယမန်နေ့ (မေလ ၈ ရက်) ညပိုင်းတွင် ဖြစ်ပွားခဲ့သည်။

ယမန်နေ့ ည ၇ နာရီနှင့် ၈ နာရီအကြားတွင် ရွှေညောင်ပင်ကျေးရွာတွင် ခြေစိုက်သော စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း အမှတ် (၃၂၁) မှ စစ်ကောင်စီတပ်သားများ လာရောက်ကာ မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသနေ ရွာသားတဦးက မဇ္ဈိမကို ပြောသည်။

ဝိုင်းမော်မြို့၏ တောင်ဘက် မိုင် ၄၀ ခန့်အကွာတွင်တည်ရှိပြီး ပေ ၁၀၀ ​ကျော် အရှည်ရှိသော ကဇူး−ဒဘတ် တံတားသည် လာရောက်မိုင်းခွဲခဲ့သည့် စစ်ကောင်စီတပ်၏ ခလရ (၃၂၁) နှင့် ခုနစ်မိုင်ခန့် ဝေးသည်။

မိုင်းခွဲခံရမှုကြောင့် ကဇူး−ဒဘတ်တံတား၏ အလယ်တွင် ကွန်ကရစ်များ ပဲ့ကျသွားကြောင်း သိရသည်။

“ရွှေညောင်ပင်တပ်ကနေ ဖိုးဝှီး (တောင်တက်ကား) တစီးနဲ့လာသွားတယ်။ ခွဲပြီး ချက်ချင်းပြန်ထွက်သွားတယ်” ဟု မျက်မြင်ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ တံတား မိုင်းခွဲခံရမှုနှင့် ပတ်သက်ပြီး လက်ရှိအချိန်ထိ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်လာခြင်း မရှိသေးပေ။

မြန်မာနိုင်ငံအလယ်ပိုင်းမှ ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားအထိ သွားလာနိုင်သည့် မြစ်ကြီးနား−ဗန်းမော်လမ်းနှင့် ရွှေဘို−မြစ်ကြီးနားကားလမ်း နှစ်ခုရှိသည့်အနက် မြစ်ကြီးနား−ဗန်းမော်လမ်းရှိ တံတားတစင်း ဖျက်ဆီးခံလိုက်ရခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မေလ ၄ ရက်နေ့မှ စတင်ကာ ဝိုင်းမော်မြို့တွင် စစ်ကောင်စီတပ်နှင့် KIA ဦးဆောင်သည့် ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်စခန်းအချို့ကိုလည်း KIA က သိမ်းပိုက်ထားကြောင်း သိရသည်။

ဝိုင်းမော်မြို့တွင် သိမ်းပိုက်ခံထားရသည့် တပ်စခန်းများကို မဇ္ဈိမက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ကချင်ပြည်နယ်တွင် KIA နှင့် ပူးပေါင်းတပ်ဖွဲ့တို့မှ ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့က စတင်လိုက်သည့် ၀၃၀၇ စစ်ဆင်ရေးအတွင်း ဒေသတွင်းရှိ စစ်ကောင်စီတပ်၏ အရေးပါသော ဗျူဟာကုန်းများ အပါအဝင် တပ်စခန်း ကြီး၊ငယ် စုစုပေါင်း ၈၀ ကျော်ကို KIA မှ သိမ်းပိုက်ထားသည်။

ထို့ပြင် ရှမ်းမြောက်ရှိ မဘိမ်းမြို့၊ ကချင်ပြည်နယ်ရှိ အင်ဂျန်းယန်မြို့၊ ဆင်ဘိုမြို့နှင့် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် လွယ်ဂျယ်မြို့ စသည့် မြို့လေးမြို့ကိုလည်း KIA မှ သိမ်းပိုက်ထိန်းချုပ်ထားသည်။

စာတည်း။ ။ နောင်နောင်