မြန်မာမြောက်ပိုင်းက ဆက်သွယ်ရေး လိမ်လည်မှု ဂိုဏ်းခေါင်းဆောင် ၂ ဦးကို တရုတ်က ဆုကြေးထုတ်

မြန်မာမြောက်ပိုင်းက ဆက်သွယ်ရေး လိမ်လည်မှု ဂိုဏ်းခေါင်းဆောင် ၂ ဦးကို တရုတ်က ဆုကြေးထုတ်

ဆက်သွယ်ရေးနှင့် အွန်လိုင်း လိမ်လည်မှုများအတွက် တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားနေသော မြန်မာနိုင်ငံ မြောက်ပိုင်းက ရာဇဝတ်ဂိုဏ်း၏ ခေါင်းဆောင်နှစ်ဦးကို ဖမ်းမိနိုင်ရေး သတင်းသဲလွန်စ ပေးနိုင်ပါက ဆုကြေး ယွမ် ၁၀၀,၀၀၀ မှ ၅၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၃,၆၈၀ မှ ၆၈,၄၀၀ ) အထိ ပေးရန် တရုတ်ရဲတပ်ဖွဲ့က ကမ်းလှမ်းထားသည်။

၂၀၂၃ အစပိုင်းမှ စပြီး အတုအယောင် ရင်းနှီးမြုပ်နှံမှုများနှင့် ဆက်စပ်သည့် ဆက်သွယ်ရေး လိမ်လည်မှုကြောင့် မကြာခဏ ဆုံးရှုံးနစ်နာရခြင်း၊ ဘဏ္ဍာရေးရာ ဆုံးရှုံးခြင်းများသည် တရုတ်နိုင်ငံက ပြည်သူများက စိုးရိမ်ပူပန်မှုများ ဖြစ်စေပြီး ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုများ ရှိလာခဲ့သည်။

လောင်းကစားခြင်း လိမ်လည်မှုများနှင့် ဆက်စပ်သည့် ရာဇဝတ်မှုများမှ ပြည်သူများအား ကာကွယ်ရန် တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများသည် ပူးတွဲအထူး စစ်ဆင်ရေးများမှတဆင့် ဆောင်ရွက်လျက် ရှိသည်။

နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေး လိမ်လည်မှုများကို တိုက်ဖျက်ရေးအတွက် တရုတ်၊ ထိုင်း၊ မြန်မာနှင့် လာအိုမှ ရဲတပ်ဖွဲ့များက အထူးပူးတွဲ စစ်ဆင်ရေးများကို ဆောင်ရွက်ပြီး ဆက်သွယ်ရေး လိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစား ရာဇဝတ်မှုများကို တိုက်ဖျက်ရန် ရည်ရွယ်လုပ်ဆောင်ကြောင်း မီဒီယာ သတင်းများက ဖော်ပြသည်။

ယခု ဆုကြေးထုတ်ခံရသော လိမ်လည်မှု ဂိုဏ်းခေါင်းဆောင်နှစ်ဦးမှာ ချန်ယန်ဘန်း(ပေါင်ယန်ဘန်း ဟုလည်း သိရ) နှင့် ကျောက်ယန်ကွေ့( ဟီချန်တျန် ဟုလည်း သိရ) တို့ ဖြစ်ကြပြီး မြန်မာမြောက်ပိုင်းက ရာဇဝတ်လှုပ်ရှားမှုများကို စီစဉ်နေသူများ ဖြစ်သည်။ ၎င်းတို့သည် တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် ဆက်သွယ်ရေး လိမ်လည်မှုများအတွက် တာဝန်ရှိသူများ ဖြစ်သည်ဟု ဟန်ကျို့ရဲတပ်ဖွဲ့က ဖော်ပြသည်။

၎င်းတို့၏ ရာဇဝတ်လုပ်ငန်းများသည် သိသိသာသာ မြင့်တက်လာပြီး တရုတ်နိုင်ငံတွင်းက လူမှုအသိုင်းအဝန်းအတွက် ထိခိုက်နစ်နာမှုများကို ဦးတည်စေသည်ဟု ဆိုသည်။

ရဲစုံစမ်းစစ်ဆေးမှုများအရ ၎င်းတို့နှစ်ဦး၏ ရာဇဝတ်မှုများသည် ရှင်းလင်းပြီး သက်သေပြည့်ပြည့်စုံစုံ ရှိထားသည်။ တချိန်တည်းမှာပင် အများပြည်သူလုံခြုံရေးအဖွဲ့များကလည်း ၎င်းတို့နှစ်ဦးအနေဖြင့် ရဲထံတွင် ကိုယ်တိုင်လာရောက် အဖမ်းခံပြီး သက်ညှာမှု ရယူသင့်ကြောင်း တိုက်တွန်းထားကြသည်။

ထို သံသယရှိသူနှစ်ဦးကို ဖမ်းဆီးနိုင်ရေးအတွက် ကူညီကြရန် ပြည်သူများအား ရဲတပ်ဖွဲ့က တိုက်တွန်းထားသည်။ ၎င်းတို့ကို ဖမ်းဆီးရာတွင် ကူညီခြင်း၊ ထိရောက်သော သဲလွန်စပေးခြင်းဖြင့် ဆုငွေ ယွမ် ၅၀၀,၀၀၀ အား အများပြည်သူလုံခြုံရေးအဖွဲ့က ပေးအပ်ချီးမြှင့်မည်ဟုလည်း ကြေညာထားသည်။