စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ပေါ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အယောင်ဆောင်ပြီး ခြိမ်းခြောက်ငွေ တောင်းခံမှုများရှိနေကြောင်း ဒေသခံများထံက သိရသည်။

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ပေါ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အယောင်ဆောင်ပြီး ခြိမ်းခြောက်ငွေ တောင်းခံမှုများရှိနေကြောင်း ဒေသခံများထံက သိရသည်။

မုံရွာမြို့ သာစည်လမ်းရှိ ဆေးခန်းတခုကို လူတစုဝင်ရောက်လာပြီး PDF အဖွဲ့အစည်းမှ ဖြစ်ကြောင်းပြောဆိုပြီး အောက်တိုဘာလ ၁၁ရက်နေ့တွင် ငွေတောင်းခံသွားကြောင်း သိရသည်။

မြို့ရွာမြို့တွင် လူစုနှင့်လက်နက်ပြ ငွေတောင်းခံခြင်းအပါအဝင် ဖုန်းဖြင့် ခြိမ်းခြောက် ငွေတောင်းခံမှုများလည်း ဖြစ်ပွားခဲ့ကြောင်းသိရသည်။

“ခေတ်အဆက်ဆက်မှာ အခုလို နိုင်ငံရေးအခြေအနေဖြစ်တိုင်း ဓားပြမှု ၊ လုယက်မှု ၊ ခိုးဆိုးလုနှိုက်သမားတွေရဲ့ အခွင့်ကောင်းယူမှုတွေက ဖြစ်စမြဲပါ ၊ နောက်ပြီး စကစ ဘက်ကလည်း အခုလိုမျိုးတွေဖြစ်အောင် လွတ်ငြိမ်းပေးတိုင်း ခိုးဆိုးလုနှိုက်တွေပဲ လွတ်ငြိမ်းပေးတာ အားလုံးလည်းအသိပဲဖြစ်တယ်။ သူတို့ရဲ့လုပ်ရပ်တွေကြောင့် အပြစ်မဲ့ ပြည်သူတွေ ဒုက္ခရောက်နေကြရတဲ့အတွက် လွန်စွာဝမ်းနည်းမိပါတယ်” ဟု မုံရွာမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ ဆက်သွယ်ရေးတာဝန်ခံ ကိုနေမော် က မဇ္စျိမ ကိုပြောသည်။

ယခုဖြစ်စဥ်တွင် မည်သည့်အဖွဲ့မှ ကျူးလွန်သည်ကိုမသိရသေးသော်လည်း မုံရွာမြို့နယ် အုပ်ချုပ်ရေး ၊ ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့များအနေဖြင့် အရေးယူမှုများပြုလုပ်နိုင်ရန် ကြိုးစားဖော်ထုတ်နေကြောင်းဆိုသည်။

“စ- (စစ်ကောင်စီတပ်) တွေက PDF တွေကို ပြည်သူလူထုအထင်လွဲအောင် တမင်ပြုလုပ်တာရှိသလို ၊ ခိုးဆိုးလုနှိုက်တွေရဲ့လက်ချက်ဖြစ်နိုင်သလို သန္ဓေမမှန်တဲ့ တချို့ ကာကွယ်ရေးအမည်ခံတွေလည်း ဖြစ်နိုင်တယ်” ဟု မုံရွာမြို့နယ်အခြေစိုက် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တပ်ရင်းတခုမှ ခေါင်းဆောင်တဦး က မဇ္စျိမကို ပြောဆိုသည်။

၎င်းတို့တပ်ဖွဲ့ထံသို့ ဖုန်းဖြင့် ငွေကြေးခြိမ်းခြောက်တောင်းဆိုခံရသူများမှ တိုင်ကြားခဲ့မှု ဖြစ်စဥ်များလည်း ရှိခဲ့ကြောင်းသိရသည်။

အချို့ဖြစ်စဥ်မှာ ပုဂ္ဂိုလ်ရေးမကျေနပ်မှုများပေါ်အခြေခံပြီး အခြားဖုန်းနံပါတ်တခုကို အသုံးပြုပြီး PDF အယောင်ဆောင်ကာ ခြိမ်းခြောက်ငွေတောင်းခံမှုများရှိခဲ့ကြောင်း အဆိုပါ ဒေသခံတပ်ရင်းခေါင်းဆောင်ကဆက်ပြောသည်။

စစ်ကောင်စီတပ်လက်အောက်ခံ လက်နက်ကိုင်များမှလည်း ဈေးဆိုင်နှင့် လုပ်ငန်းရှင်များကို ဖုန်းများမှတဆင့်ဆက်သွယ်ပြီး ငွေကြေးတောင်းခံမှုများကို စုံးစမ်းသိရရှိခဲ့ရကြောင်း ဆိုသည်။

ယင်းသို့အခြေအနေများတွေ့ကြုံရပါက ပြည်သူများအနေဖြင့် ပြစ်မှုကျူးလွန်ခံရမှုဖြစ်စဥ် ဖြစ်ပွားပြီးတပြိုက်နက် သက်ဆိုင်ရာ မြို့နယ် ပအဖ ၊ ပလဖ လူမှုကွန်ရက်အဆက်အသွယ်များမှတဆင့် သတင်းပေးတိုင်ကြားကြရန် ပအဖ ဆက်သွယ်ရေးတာဝန်ခံ ကပြောကြားသည်။

မုံရွာမြို့တွင် စစ်ကောင်စီတပ်က ရပ်ကွက်အုပ်ချုပ်ရေးရုံးများတွင် တပ်စွဲနေရာယူ ထားကြသော်လည်း ခိုးဆိုးလုယက်မှုများ တိုးပွားဖြစ်ပေါ်နေပြီး မြို့နေ လုပ်ငန်းရှင်ကြီးများနှင့် အလတ်တန်းစားလုပ်ငန်းရှင်များပါ မြို့ကိုစွန့်ခွာ၍ ရှောင်တိမ်းသွားနေကြကြောင်းလည်း သိရှိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)