တရုတ်နှင့် တင်းမာမှုများ မြင့်တက်နေစဉ် ထိုင်ဝမ်သမ္မတရွေးကောက်ပွဲတွင် ဒီပီပီ ကိုယ်စားလှယ်လောင်း လိုင်ချင်တယ် အနိုင်ရရှိ

ဒီပီပီ ကိုယ်စားလှယ်လောင်း လိုင်ချင်တယ် (Lai Ching-te)/Photo:AFP

ANI

ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲတွင် တိုးတက်သောဒီမိုကရက်တစ်ပါတီ (DPP) ကိုယ်စားလှယ်လောင်း လိုင်ချင်တယ်က အနိုင်ရရှိခဲ့ပြီး တရုတ်နှင့် ဆက်ဆံရေးတင်းမာမှုများ ပိုမိုဆိုးရွားလာမည်ကို စိုးရိမ်နေချိန်တွင် သမ္မတအသစ်ဖြစ်လာခဲ့ကြောင်း ထိုင်ဝမ်သတင်းက ဖော်ပြလိုက်သည်။

ထိုင်ဝမ်သမ္မတအဖြစ် ချိုက်အန်းဝမ်က ၂၀၁၆ ခုနှစ်ကတည်းက စတင်တာဝန်ထမ်းဆောင်ခဲ့သည်မှာ သက်တမ်းနှစ်ကြိမ်ပြည့်သွားပြီဖြစ်သော်လည်း ၎င်း၏ DPP ပါတီက သမိုင်းဝင်တတိယအကြိမ်မြောက် အောင်ပွဲ ထပ်မံရရှိခဲ့သည်။

ဒေသစံတော်ချိန် ည ၇ နာရီ ၄၅ မိနစ်တွင် မဲရုံ ၉၀ ရာခိုင်နှုန်းကျော်ကို ရေတွက်ပြီးချိန်တွင် လိုင်က မဲအရေ အတွက် ၅ သန်းကျော်နှင့် မဲ ၄၀ ရာခိုင်နှုန်းကျော်ကိုရရှိခဲ့ကြောင်း ဗဟိုရွေးကောက်ပွဲကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ဝေခွဲမရသော မဲဆန္ဒရှင်များကြောင့် ကိုယ်စားလှယ်လောင်းများကြားတွင် မဲရရှိမှုအချိုး သုံးမျိုးကွဲခဲ့သော်လည်း မဲစုစုပေါင်း၏ ၃၃ ရာခိုင်နှုန်းကို ရရှိသည့် ကူမင်တန်ကိုယ်စားလှယ်လောင်း ဟိုယုအင်းထက် လိုင်က ခုနစ်ရာခိုင်နှုန်း အသာရရှိခဲ့သည်။

တတိယနေရာတွင် ထိုင်ဝမ်ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း ကိုဝမ်ကျဲက ဆန္ဒမဲ ၂၆ ရာခိုင်နှုန်းရရှိခဲ့ပြီး မျှော်လင့်ထားတာထက် အနည်းငယ်သာလွန်ခဲ့ကြောင်း ထိုင်ဝမ်သတင်းတွင် ဖော်ပြထားသည်။

တိုင်နန်၏ မြို့တော်ဝန်အဖြစ် ယခင်က တာဝန်ထမ်းဆောင်ခဲ့ဖူးသော လိုင်သည် နိုင်ငံတော် ကာကွယ်ရေး၊ စီးပွားရေးနှင့် ဒီမိုကရေစီ မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် တိုးမြှင့်သွားမည်ဟု ကတိပြုခဲ့သည်။

ရွေးကောက်ပွဲမိန့်ခွန်းတွင် အဟန့်နည်းလမ်းကို ဆက်လက်ကျင့်သုံးကာ လက်ရှိအနေအထားကို ထိန်းသိမ်း သွားမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

တန်ဖိုးအခြေခံ သံတမန်ဆက်ဆံရေး၊ ရေလက်ကြားဖြတ်ကျော်တည်ငြိမ်ရေး၊ ကာကွယ်ရေးတွင် ကိုယ့်အား ကိုယ်ကိုးနိုင်ရေး၊ စီးပွားရေး အဆင့်မြှင့်တင်ရေး၊ စွမ်းအင်ကူးပြောင်းရေး၊ လူငယ် ရင်းနှီးမြှုပ်နှံမှု၊ အိမ်ရာ အညီအမျှရရှိရေးနှင့် ပညာရေးဆိုင်ရာ တန်းတူညီမျှရေးတို့ကို အလေးထား ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ကတိပြုခဲ့သည်။

ထိုင်ဝမ်အား နိုင်ငံတကာအသိုက်အဝန်းတွင် တည်ငြိမ်ပြီး မရှိမဖြစ်လိုအပ်သော အင်အားစုတစ်ခုအဖြစ် ပုံဖော်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လိုင်၏ အောင်ပွဲသည် တရုတ်နှင့်ရင်းနှီးသော KMT ပါတီ နှင့် ဟိုယုအင်းတို့ကို အာဏာရစေလိုသည့် တရုတ်အစိုးရ၏ ဆန့်ကျင်ကန့်ကွက်မှုဖြစ်စေမည်မှာ သေချာလှသည်။

တရုတ်နိုင်ငံ၏ ထိုင်ဝမ်ရေးရာရုံးက “ရေလက်ကြားဖြတ်ကျော် ထိပ်တိုက်ရင်ဆိုင်မှုများနှင့် ပဋိပက္ခများ” ဆောင်ကြဉ်းပေးမည့် “ခေါင်းမာသော ထိုင်ဝမ်လွတ်လပ်ရေးလိုလားသူ” အဖြစ် လိုင်အား ဇန်နဝါရီလ ၁၁ ရက်တွင် ခေါ်ဝေါ်ခဲ့ကြောင်း ထိုင်ဝမ်သတင်းတွင် ဖော်ပြထားသည်။

ထိုင်ဝမ်သမ္မတ ချိုက်အန်းဝမ်က ဇန်နဝါရီလ ၁၃ရက်နံနက်တွင် နယူးတိုင်ပေမြို့၌ သူမကိုယ်တိုင် မဲပေးနေ ချိန်တွင် ပြည်သူများအားလည်း မဲပေးရန် တိုက်တွန်းခဲ့ကြောင်း Channel News Asia သတင်းတွင် ဖော်ပြခဲ့ သည်။

လွန်ခဲ့သည့် ရှစ်နှစ်တာကာလအတွင်း ထိုင်ဝမ်အား တရုတ်၏ ပိုမို ခြိမ်းခြောက်လာမှုများကြောင့် စိုးရိမ်မှုများ မြင့်တက်လာခဲ့ပြီး ကမ္ဘာတစ်ဝန်းက ရွေးကောက်ပွဲ ရလဒ်များကို စောင့်မျှော်နေရုံသာမက ထိုင်ဝမ်၏ ‘အာဏာရှင် အိမ်နီးချင်း’ တရုတ်၏ တုံ့ပြန်မှုကိုလည်း စောင့်ကြည့်နေကြောင်း CNN က ဖော်ပြခဲ့သည်။