မအူပင်ရွာ မီးရှို့ဖျက်ဆီးခံရ၊ ဒေသခံ လက်နက်ကြီးကျည် ထိမှန်သေဆုံး

မအူပင်ရွာ မီးရှို့ဖျက်ဆီးခံရ၊ ဒေသခံ လက်နက်ကြီးကျည် ထိမှန်သေဆုံး

မီးရှို့ဖျက်ဆီးခံထားရသည့် မအူပင်ရွာကနေအိမ် (ဓာတ်ပုံ-ပေးပို့)

အဂမ် (မဇ္ဈိမ) ။ ။ ကချင်ပြည်နယ် မြစ်ကြီးနား-ဖားကန့်လမ်းပိုင်းတွင် တိုက်ခိုက်ခံခဲ့ရသည့် စစ်ကောင်စီတပ်သည် မအူပင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ဒေသခံအမျိုးသားတဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့မှ ဆင်းလာသည့် စစ်ကောင်စီတပ်ကို KIA တပ်က ကြားဖြတ်တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကာမိုင်းမြို့ စစ်ကောင်စီဗျူဟာတပ်က လက်နက်ကြီးပစ်ကူပေးခဲ့ကြောင်း KIA ရှေ့တန်းနှင့် နီးစပ်သည့် ကချင်ဒေသခံ သတင်းရင်းမြစ်က အတည်ပြုသည်။

ထိုလက်နက်ကြီးကျည်သည် ရေကာတာနှင့် ကုလားရွာကြားရှိ လယ်တောထဲကျရောက် ပေါက်ကွဲခဲ့ရာ အသက် ၃၅ နှစ်အရွယ် အမျိုးသားတဦး သေဆုံးသွားကြောင်း မဇ္ဓျိမ၏မြေပြင်သ တင်းအဖွဲ့က စုံစမ်းသိရှိရသည်။

“တိုက်ပွဲက ၉ နာရီလောက်မှာ စဖြစ်တာ။ ဟိုဘက်ကနေ စစ်ကြောင်းဆင်း လာတာကို KIA ဘက်ကနေ စပြီးတော့ မိုင်းဆွဲတိုက်ခိုက်လိုက်တာ သုံးကြိမ်လောက် ရှိတယ်။ အဲ့မှာ စစ်ကောင်စီဘက်ကနေ ထိခိုက်တာတွေရှိတော့ မအူပင်က နေအိမ် နှစ်လုံးလောက်ကို မီးရှို့ ဖျက်ဆီးလိုက်တယ်”ဟု ၎င်းကဆိုသည်။

စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရတွင် စစ်ကောင်စီတပ်သားများ သေဆုံးခဲ့၍ မအူပင်ကျေးရွာရှိ ဒေသခံ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။
ထိုတိုက်ပွဲသည် နာရီဝက်ခန့်ကြာမြင့်ခဲ့ပြီး လက်ရှိတွင် စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း သိရသည်။ မအူပင်ရွာမှ ဒေသခံများသည် လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေရပြီး ဒေသခံများ ထိခိုက်မှုနှင့် ဖမ်းဆီးခံရမှု အခြေအနေများကို မဇ္ဈိမက စုံစမ်းနေဆဲဖြစ်သည်။


စာတည်း။ ။အောင်ကျော်ဖြိုး