စစ်ကောင်စီ၏ ငြိမ်းချမ်းရေးမှာ ကိုယ်ကျိုးစီးပွား အခြေပြု နိုင်ငံရေးအသုံးချမှု သက်သက်သာ ဖြစ်သည်ဟု NUG ယာယီသမ္မတ‌ပြော

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးမှာ ကိုယ်ကျိုးစီးပွား အခြေပြု နိုင်ငံရေးအသုံးချမှု သက်သက်သာ ဖြစ်သည်ဟု NUG ယာယီသမ္မတ‌ပြော

မဇ္ဈိမ။ ။ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးမှာ ကိုယ်ကျိုးစီးပွား အခြေပြု နိုင်ငံရေးအသုံးချမှု သက်သက်သာ ဖြစ်သည်ဟု NUG ယာယီသမ္မတ‌က ‌ပြောသည်။


” ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေပါမချန် အရပ်သားပြည်သူ ‌တွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီထံကနေ စေတနာမှန်တဲ့ ငြိမ်ချမ်းရေးဆိုတာ ဘယ်တော့မှ ရလာမှာ မဟုတ်ပါဘူး” ဟု ၎င်းက‌ပြောသည်။

အာဏာသိမ်းစစ်ကောင်စီက အောက်တိုဘာ ၁၅ ရက်တွင် NCA ရှစ်နှစ်ပြည့် အခမ်းအနားလုပ်ရန် ကြံရွယ်နေ‌ကြောင်း၊ စစ်အာဏာ သိမ်းပြီးနောက်တွင် NCA မှာ ပျက်ပြယ်သွားပြီ ဖြစ်‌ကြောင်း ယာယီသမ္မတက ‌ပြောသည်။
” အကြမ်းဖက်စစ်တပ်က နိုင်ငံတော်အာဏာကို အဓမ္မရယူဖို့ ကြိုးစားစဉ်ကတည်းက NCA စာချုပ်ဟာ ပျက်ပြယ်သွားခဲ့ပြီး ဖြစ်ပါတယ်။ NCA စာချုပ်ချုပ် ဆိုခဲ့တဲ့ KNU, CNF , ABSDF တို့ကိုယ်တိုင် ပျက်ပြယ်ပြီးဖြစ်ကြောင်း ပြည်သူလူထု တရပ်လုံးကို အသိပေးထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။


စစ်ကောင်စီဟာ NCA စာချုပ်ကို လိုက်နာမှုမရှိ NCA အခြေခံမူ‌တွေကို လေးစားမှုမရှိ၊ ချိုးဖျက်ခဲ့ပြီးကာမှ NCA နှစ်ပတ်လည် လုပ်မယ်ဆိုတာ အင်မတန်မှ မျက်နှာ‌ပြောင်တိုက်ရာ ကျပြီး ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်ဖြစ်ပါတယ်။နိုင်ငံတကာအသိုင်း အဝိုင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း အကြမ်းဖက် စစ်ခေါင်းဆောင်က ကျင်းပပြုလုပ်မယ့် NCA (၈) နှစ်ပြည့် အခမ်းအနားကို တက်ရောက်ကာ ဂုဏ်ပြုချီးမြှင့်မှုမည့် အချိန်မဟုတ်ပါဘူး။ ဒီအချိန်ဟာ NCA နှင့် ပတ်သက်ပြီး အောင်ပွဲခံ အခမ်းအနား လုပ်ရမည့် အချိန်မဟုတ်ဘူး၊ ဒီအချိန်ဟာ ဖြစ်ပျက်မှုများ ပြန်လည်သုံးသပ်ရမဲ့ အချိန်ဖြစ်ပါတယ် ” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ‌ပြောသည်။
ထို့ပြင်စစ်ကောင်စီမှာ စစ်ရာဇ၀တ်မှုများကို ဆက်တိုက်ကျုးလွန် ‌နေပြီး အနီးစပ်ဆုံး ဖြစ်စဉ်မှာ လိုင်ဇာရှိ စစ်ဘေးရှောင်စခန်းကို ဗုံး ကြဲတိုက်ခိုက်မှုဟု ၎င်းက‌ပြောသည်။

“ဒါဟာ အင်မတန်မှ လူမဆန်တဲ့ လုပ်ရပ်ဖြစ်ပြီး လူသားမျိုးနွယ် အပေါ် စစ်ရာဇဝတ်မှု ထပ်မံ ကျူးလွန်လိုက်တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ၂ လသားကလေးငယ်အပါအဝင် ကလေးသူငယ် (၁၃) ဦး သေဆုံးခဲ့ရပါ တယ်။ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် လူပေါင်း(၃၀)အထိ ထိခိုက်သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရသူ (၅၇) ဦးကျော်ထိရှိပါတယ်။ ဆုံးရှုံးသွားတဲ့ အသက်တွေအတွက်၊ ပြိုကွဲသွားတဲ့ မိသားစုတွေအတွက်၊ ထိခိုက်နာကျင်ရတဲ့ ဘဝတွေအတွက် တရားမျှတမှု မဖြစ်မနေ ပြန်ယူဆောင် ပေးရမှာဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ အားလုံး အတူတကွ ကြိုးစားသွားကြရပါမယ်” ဟု ယာယီသမ္မတက ‌ပြောသည်။

နိုင်ငံတကာမိတ်ဆွေများလည်း စစ်ကောင်စီကို ဆက်လက်ဖယ်ကျဉ် ထားရန်နှင့် NUG အနေနှင့် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများနှင့်အတူ လက်တွဲကာ နောက်ဆုံးတိုက်ပွဲကို အောင်နိုင်သည်အထိ ကြိုးစားသွားမည်ဟု ယာယီသမ္မတ ဒူဝါလရှီးလက ‌ပြောသည်။