ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်မှု ဂိုထောင်အတွင်းကျရောက်ပေါက်ကွဲ၍ ပျက်စီးမှုများဟုဆို

ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်မှု ဂိုထောင်အတွင်းကျရောက်ပေါက်ကွဲ၍ ပျက်စီးမှုများဟုဆို

ဂန္ဒမာ(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃) လမ်းမရှိ မြန်မာဘီယာစက်ရုံအား မြို့ပြအထူးစစ်ဆင်ရေးအနေဖြင့် ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ရာ ပစ္စည်းဂိုထောင်၌ ကျရောက်ပေါက်ကွဲကြောင်း တိုက်ခိုက်သည့်အဖွဲ့က ပြောသည်။

“နယ်ကိုတင်ပို့မယ့် ပြင်ဆင်ထုတ်ပိုးထားတဲ့ ပစ္စည်းဂိုထောင်အား ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် များစွာပျက်စီးဆုံးရှုံးခဲ့သည်ကို သတင်းအချက်အလက် ရရှိထားတယ်။ အကြမ်းဖက်စစ်ကောင်စီဖက်မှ သတင်းများဖုံးကွယ်ထားသော်လည်း အတွင်းဖရဲသီးများရဲ့ သတင်းအချက်အလက် ပေးပို့မှုဖြင့် သိရှိခဲ့ရတယ်။” ဟု USO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။

စစ်တပ်ပိုင် မြန်မာဘီယာစက်ရုံအား အောက်တိုဘာလ ၁၂ ရက်နေ့ ည ၇ နာရီဝန်းကျင်က ၁၀၇ မမ ရှော့တိုက်ဒုံး နှစ်လုံးဖြင့် မြို့ပြအထူးစစ်ဆင်ရေးဆောင်ရွက်သူများက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုဖြစ်ပြီးနောက် မိနစ်အနည်းငယ်အကြာတွင် ဆေးရုံကားနှစ်စီး၊ အရပ်ဝတ်ကား ငါးစီးနှင့် တပ်နယ်မြေမှူးလာရောက်စစ်ဆေးမှုရှိခဲ့သည်။ မြန်မာဘီယာစက်ရုံတာဝန်ခံ အရာရှိတဦးလည်း အပြင်းအထန်ထိခိုက်ခဲ့ကြောင်း USO ထံမှ နောက်ဆက်တွဲသိရှိရသည်။

လက်ရှိအနေအထားတွင် တိုက်ခိုက်ခံရသော စက်ရုံနေရာဝန်းကျင်၌ ဒရုန်း သုံးစီးမှ ငါးစီးအထိ ပျံသန်းစောင့်ကြည့်နေသလို စက်ရုံတွင်းတွင်လည်း အရပ်သားလုံခြုံရေးနှင့် စစ်ကောင်စီတပ်သားများကိုပါ ချထားကာ စက်ရုံပတ်ဝန်းကျင်လမ်းများအား ဖြတ်သန်းအသုံးပြုခွင့် မပေးတော့ကြောင်း စက်ရုံအတွင်း သတင်းရင်းမြစ်ထံမှ သိရသည်ဟု ဆိုသည် ။

အဆိုပါနေ့ တနေ့ထဲတွင်ပင် အမှတ် (၃) နှင့် အမှတ် (၇) လမ်းဆုံ၌ ဆက်ကြေးကောက်နေသော စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)များရှိနေသောနေရာအား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ အနီးတဝိုက်တွင် မော်တော်ယာဉ်နှင့် ဆိုင်ကယ်စစ်ဆေးမှုများရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ပြတွင် မြို့ပြအထူးစစ်ဆင်ရေး(U.S.O) အား စက်တင်ဘာလ ၂၂ ရက်နေ့က စတင်ခဲ့ပြီး အောက်တိုဘာလအထိဆိုလျှင် လေးခုမြောက် ဆောင်ရွက်ပြီးခဲ့ကြောင်း Urban Special Operation တယ်လီဂရမ်ချန်နယ်မှ ထုတ်ပြန်ထားချက်အရ သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)