လောက်ကိုင်မြို့ ရန်လုံကျိုင်း နယ်စပ်ဂိတ်တွင် MNDAA အလံလွှင့်ထူ

ရွှေနွယ်(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ရှိ ရန်လုံကျိုင်း တရုတ်−မြန်မာနယ်စပ်ဂိတ်တွင် မြန်မာ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) အလံလွှင့်ထူထားသည်မှာ ရက်သတ္တပတ်ခန့် ကြာမြင့်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“အလံတင်တာ တပတ်လောက်ရှိပြီ။ ဒီလ ၁၀ ရက်နေ့လောက်ကဖြစ်မယ်။ စစ်ကောင်စီတပ်ဘက်က လက်နက်ချမှုရှိတာလည်း ဟုတ်ပါတယ်” ဟု လောက်ကိုင်မြို့မှ ဒေသခံတဦးက ပြောသည်။

ဒီဇင်ဘာလ ၁၈ ရက် ယမန်နေ့က လောက်ကိုင်မြို့ပေါ်၌ စစ်ကောင်စီ၏ ရဟတ်ယာဉ်ပျံဝဲမှုရှိခဲ့ပြီး အင်အားဖြည့်တင်းသည်ဟုယူဆကြောင်း၊ ညပိုင်းတွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် လောက်ကိုင် ကို ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

“တိုက်လေယာဉ်တွေ တညလုံးဝဲပြီးတော့ ဗုံးတွေချနေတာ။ တိုက်ပွဲတွေ ပြန်ဖြစ်ဖို့ရှိမလား မသိဘူး” ဟု လောက်ကိုင်ဒေသခံက ပြောသည်။

အဆိုပါ ကိစ္စရပ်များနှင့်ပတ်သက်၍ အတည်ပြုချက်ရယူရန် MNDAA ၏ပြောခွင့်ရသူ လီကျားဝင်းသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းလျက်ရှိသော်လည်း အဆက်အသွယ် မရရှိသေးပေ။

ထို့ပြင် “လက်နက်ချလာသော မြန်မာစစ်သားများအား ခရီးစားရိတ်များပေးဆောင်” ဟူသော အဓိပ္ပါယ်ရ သည့်တရုတ်စာတန်းဖြင့် စစ်ကောင်စီတပ်သားများအလင်းဝင်သည်ကို ချီးမြှင့်ငွေပေးအပ်နေသည့် ရုပ်သံ ဖိုင်တခုလည်း ရှမ်းမြောက်ထိတွေ့တိုက်ပွဲများအကြောင်း ရေးသားပြောဆိုနေသည့် လူမှုကွန်စာမျက်နှာ များတွင် ဖြန့်ဝေထားသည်ကိုတွေ့ရသည်။

အဆိုပါ ရုပ်သံဖိုင်အတွင်း၌ “တပ်ခွဲမှူးတွေကတော့ သိန်း ၃၀ ရမယ်နော်” ဟု ပြောဆိုပြီး ကိုယ်ပိုင်နံပါတ် များခေါ်ကာ ပေးအပ်နေသည်ကို တွေ့မြင်ရသည်။ သို့သော် အဆိုပါ လက်နက်ချမှုဖြစ်စဉ်နှင့် ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီဘက်မှ တရုတ်အစိုးရ၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နှင့် တွေ့ဆုံခဲ့သည်ဟု ထုတ်ဖော်ပြောကြားပြီးနောက် လောက်ကိုင်မြို့တွင် တိုက်ပွဲရပ်တန့်နေခဲ့ပြီး ယခုအခါ တိုက်ပွဲ ပြန်လည်ဖြစ်ပွားမည့် အလားအလာများကို မြင်တွေ့နေရကြောင်း ဒေသခံတို့ကဆိုသည်။

တရုတ်အစိုးရ၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နှင့် တွေ့ဆုံခဲ့ကြောင်းကို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့က ထုတ်ဖော်ပြော ကြားခဲ့ခြင်းဖြစ်ပြီး မည်သည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

ညီနောင်မဟာမိတ်သုံးဖွဲ့က အဆိုပါ တွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်၍ တစုံတရာထုတ်ဖော်ပြောကြား ခြင်း မရှိခဲ့သော်လည်း မြန်မာပြည်သူလူထုတရပ်လုံး မျှော်လင့်တောင့်တနေသည့် နိုင်ငံရေးရည်မှန်းချက် များကို လျစ်လျူရှုသွားမည်မဟုတ်သည့်အပြင် နောက်လှည့်သွားမည်မဟုတ်ကြောင်း ဒီဇင်ဘာလ ၁၂ ရက်နေ့ညက ထုတ်ပြန်ခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးတွင် တဖွဲ့ချင်းစီ၏ ရည်မှန်းချက်နှင့် သုံးဖွဲ့စလုံး၏ စုပေါင်းရည်မှန်းချက်တို့သည် အတိုင်းအတာတခုအထိ ပြည့်ဝခဲ့ပြီဆိုသော်လည်း အလုံးစုံသောရည်မှန်းချက် ပြည့်ဝရန်အတွက် အချိန် ကာလတခုအထိ ဆက်လက်တိုက်ပွဲဝင်မည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့၏ အဆိုပါထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ