စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသည့် လက်နက်များ KNDF ရဲဘော်များကို တပ်ဆင်

ဂျူချန်း

မဇ္ဈိမ။ ။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်( KNDF )၏ ဗျူဟာအမှတ်(၆) အပတ်စဉ်(၃) အခြေခံစစ်သင်တန်းဆင်းပွဲတွင် စစ်ကောင်စီတပ်ထံမှ ရရှိထားသည့် လက်နက်များဖြင့် KNDF ရဲဘော်များကို စစ်ကောင်စီတပ်ထံမှ ရရှိထားသည့် လက်နက်များဖြင့် တပ်ဆင်ထားကြောင်း KNDF မှ ထုတ်ပြန်သည့် ဓာတ်ပုံများတွင် တွေ့ရသည်။

“အားလုံးရယ်လို့ မဟုတ်ပါဘူးခင်ဗျာ၊ ရထားသလောက်နဲ့ပါ” ဟု KNDF ဗဟိုကော်မတီဝင်တဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်နေ့တွင် KNDF ဗျူဟာအမှတ်(၆) အပတ်စဉ်(၃) မှ နှစ်လတာ ပြုလုပ်ခဲ့သည့် အခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနားမှ ဓာတ်ပုံများကို ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ထုတ်ပြန်လာခြင်းဖြစ်သည်။ တော်လှန်ရေးအတွက် တာဝန်ထမ်းဆောင်ရန် အသင့်ဖြစ်သော ရဲဘော်များကို စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိခဲ့သော လက်နက်အချို့အား အသုံးပြု၍ စစ်ရေးပြခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသင်တန်းဆင်းပွဲကို KNDF ရဲဘော်များ ရာနှင့်ချီ တက်ရောက်ခဲ့ပြီး သင်တန်းဆင်းပွဲ၌ ကရင်နီပြည်တပ်မတော်(KA) မှ တပ်ဗိုလ်တပ်မှူးများ၊ KNDF မှ စစ်ရေးချုပ် ခူရီဒူး၊ ဒုစစ်ဦးစီးချုပ် မာဝီ၊ စစ်ရုံးချုပ် ညွှန်ကြားရေးမှုး ရဲဘော်မင်းသား အပါအဝင် KNDF မှ တာဝန်ရှိသူများ ၊ သင်တန်းသားများ၏ မိသားစုဝင်အချို့နှင့် ဧည့်သည်များလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင်လည်း KNDF တပ်ရင်း(၈) အပတ်စဉ်(၄) အခြေခံသင်တန်းဆင်းပွဲပြုလုပ်ခဲ့ပြီး ယင်းသင်တန်းဆင်းပွဲတွင်လည်း စစ်ကောင်စီတပ်ထံမှ ရရှိခဲ့သည့် လက်နက်များကို ရဲဘော်များထံ အပ်နှံခဲ့ကြောင်း ရဲဘော်တဦးထံမှ သိရသည်။ ရဲဘော်၏ ပြောပြချက်အရ KNDF အမှတ်(၈) တပ်ရင်းအတွက် စစ်ကောင်စီတပ်ထံမှ ရရှိသည့် လက်နက်အရေအတွက်မှာ တတိယအများဆုံးဖြစ်ပြီး အလက် ၅၀ ခန့်ရှိရာ အလက် ၂၀ ကျော် ကိုသင်တန်းဆင်းပွဲတွင် အသုံးပြုခဲ့ကာ အလက် ၃၀ခန့်မှာ ပြန်လည်ပြုပြင်မွမ်းမံနေကြောင်း သိရသည်။

“​ေ-ွး(စစ်ကောင်စီတပ်သား) လက်နက်သီးသန့်ကတော့ လက်နက် ၅၀ ရတယ်ပေါ့နော်။ ဒါပေမယ့် အလက် ၂၀ ကျော်လောက်ကတော့ သင်တန်းဆင်းပွဲမှာ သုံးတယ်။ လုံခြုံရေးယူတဲ့နေရာမှာ ​ေ-ွး(စစ်ကောင်စီတပ်သား)သေနတ်သုံးတယ်။ ပြန်လည်ဆေးကျောပြီးမှ သုံးတာပေါ့နော်။ အလက် ၃၀ ကျတော့ ပြန်ပြင်နေတုန်းပဲ” ဟု ၎င်းက ပြောသည်။

၂၀၂၃ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့တွင် စတင်ခဲ့သည့် ၁၁.၁၁ စစ်ဆင်ရေးအတွင်း လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲ မြို့များရှိ တပ်စခန်းပေါင်း ၂၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သဖြင့် လွိုင်ကော် ဒကစ ကို ဝန်းရံနိုင်သည့် အနေအထားဖြစ်ကာ လွိုင်ကော်မြို့ သုံးပုံနှစ်ပုံကျော်ကို စိုးမိုးထားနိုင်ပြီး ရှားတောမြို့တွင်း စစ်ကောင်စီကင်းစခန်းများအားလုံးကို သိမ်းပိုက်ထားနိုင်ကာ မြို့လယ်ဘုရားကုန်းတွင် တပ်စွဲနေသည့် တပ်စခန်းတခုသာ ကျန်ရှိကြောင်း၊ ကရင်နီနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ မြို့အဝင်အထွက်ကို တော်လှန်ရေးအင်အားစုမှ ထိန်းချုပ်ထားနိုင်ကြောင်းနှင့် ရှမ်း-ကရင်နီအစပ် ဆီဆိုင်မြို့တွင်းကိုလည်း တော်လှန်ရေးအင်အားစုမှ နေရာယူထားနိုင်ကြောင်း KNDF မှ ဇန်နဝါရီ ၂၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

လက်ရှိ ကရင်နီပြည်နယ်တွင် မယ်စဲ့မြို့နယ်၊ မော်ချီးမြို့နယ် နှင့် ရွာသစ်မြို့နယ်တို့ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များက အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။

စာတည်း – သန့်ဇော်(သန်လျင်)