အသိပေးတင်ပြခြင်းမရှိသော ဒေါ်လာများဖြင့် စင်္ကာပူမှ ထွက်ရန် ကြိုးပမ်းသည့် မြန်မာ ၃ ဦး ပြစ်ဒဏ်ချခံရ

STOMP

စင်္ကာပူနိုင်ငံမှ ပြည်ပသို့ ထွက်ခွာစဉ် စင်္ကာပူဒေါ်လာ ၅၀၈,၉၂၅ တန်ဖိုးရှိ ငွေကြေးများ သယ်ဆောင်မှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာသို့ အစီရင်ခံတင်ပြရန် ပျက်ကွက်မှုအတွက် မြန်မာနိုင်ငံသားသုံးဦး ဒီဇင်ဘာ ၂၆ ရက်က စင်္ကာပူတွင် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

ချန်ဂီလေဆိပ် Terminal 1 ခရီးသည်ထွက်ခွာဆောင်တွင် စင်ကာပူဒေါ်လာ ၂၀,၀၀၀ အထက် ကျော်လွန်သည့် ငွေသားများ သယ်ဆောင်ရင်း စင်္ကာပူမှ ထွက်ခွာရန် လုပ်ဆောင်ခဲ့သော အမျိုးသားသုံးဦး၏ အမှုတခုနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်က ရဲတပ်ဖွဲ့က အသိပေးခဲ့သည်။

စုံစမ်းစစ်ဆေးမှုများအရ မြန်မာနိုင်ငံသားတဦးဖြစ်သည့် ကိုကျော်မင်းဦးသည် စင်္ကာပူနိုင်ငံထဲမှ စင်္ကာပူဒေါ်လာငွေ ၅၀၈,၉၂၅ ကို သယ်ဆောင်ရွှေ့ပြောင်းမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာသို့ အစီရင်ခံ အသိပေးတင်ပြမှု ပြုလုပ်ခြင်းမရှိဘဲ စင်္ကာပူမှ ပြည်ပထွက်ခွာရန် ကြိုးပမ်းခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။

အခြားအမျိုးသားနှစ်ဦးဖြစ်သည့် ကိုဝေစံထွန်းနှင့် ကိုဝင်းမြင့်တို့က ကိုကျော်မင်းဦးအတွက် ငွေသားတစိတ်တဒေသစီကို သယ်ဆောင်ပေးရင်း ၎င်းအား ကူညီပေးခဲ့သည်။

၎င်းတို့ သုံးဦးသည် လေဆိပ် ခရီးသည်ထွက်ခွာဆောင်ရှိ အကောက်ခွန်စစ်ဆေးမှုနေရာသို့ လျှောက်လာခဲ့စဉ် ၎င်းတို့သုံးဦးကို ခွဲခြားရွေးထုတ် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ကိုဝေသည် ကိုကျော်မင်းဦး ပိုင်ဆိုင်သော ငွေသား စင်္ကာပူဒေါ်လာ ၂၅၀,၀၀၀ ကို ခရီးဆောင်အိတ်တလုံးဖြင့် သယ်ဆောင်ခဲ့သည်ကို စစ်ဆေးတွေ့ရှိရပြီး ကိုဝင်းမြင့်သည်လည်း ကိုကျော်မင်းဦး ပိုင်ဆိုင်သော ငွေသား စင်္ကာပူဒေါ်လာ ၂၄၉,၀၀၀ ကို အိတ်တလုံးဖြင့် သယ်ဆောင်ကြောင်းကို စစ်ဆေးတွေ့ရှိခဲ့သည်။ ကိုကျော်မင်းဦးသည် စင်္ကာပူဒေါ်လာ ၉,၉၂၅ သယ်ဆောင်ခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါ အမျိုးသားသုံးဦးသည် ၎င်းတို့ စင်္ကာပူမှ ပြည်ပသို့ သယ်ထုတ်ရန် လုပ်ဆောင်သည့် ငွေပမာဏက ပြဋ္ဌာန်းအကန့်အသတ် စင်္ကာပူဒေါ်လာ ၂၀,၀၀၀ အထက် ကျော်နေကြောင်း သိရှိပြီး အဆိုပါ ဒေါ်လာငွေများ သယ်ဆောင်မှုနှင့်ပတ်သက်ပြီး ပြည့်စုံ၊ တိကျသော အစီရင်ခံစာတခုကို စင်္ကာပူလူဝင်မှုကြီးကြပ်ရေးအရာရှိထံ အသိပေးတင်ပြရန် ပျက်ကွက်ခဲ့ကြသည်။

ယင်းအတွက်ကြောင့် ကိုကျော်မင်းဦးသည် ဒဏ်ငွေ စင်္ကာပူဒေါ်လာ ၁၀,၀၀၀ တပ်ခံရပြီး ကိုဝင်းမြင့်နှင့် ကိုဝေတို့သည် တဦးလျင် ဒဏ်ငွေ စင်္ကာပူဒေါ်လာ ၅,၀၀၀ စီ ဒဏ်ရိုက်ခံရသည်။

ပြဋ္ဌာန်းထားသည့် ငွေပမာဏအကန့်အသတ်ထက် ကျော်လွန်သယ်ဆောင်ပြီး သက်ဆိုင်ရာသို့ အသိပေးတင်ပြခြင်း မရှိသည့် ဥပဒေချိုးဖောက်သူများအနေဖြင့် စင်္ကာပူဒေါ်လာ ၅၀,၀၀၀ ထက် မပိုသော ဒဏ်ငွေတရပ် သို့မဟုတ် ထောင်ဒဏ်အများဆုံး သုံးနှစ်ပြစ်ဒဏ် သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်လုံး ကျခံရမည်ဖြစ်သည်။