ငါန်းဇွန်တွင် စစ်ကောင်စီဌာနဆိုင်ရာ အရာရှိ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ငါန်းဇွန်တွင် စစ်ကောင်စီဌာနဆိုင်ရာ အရာရှိ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

၀၀၈၊ ဓါတု(မဇ္ဈိမ)။ ။ငါန်းဇွန်မြို့မှ မြို့နယ်အဆင့် လမ်းဦးစီးအရာရှိနှင့် စားသုံးသူရေးရာဦးစီးအရာရှိသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏စစ်ဆေးမှုကို လက်မခံဘဲ ကားမောင်းနှင် ထွက်ပြေးစဉ် တားစီးပစ်ခတ်ရာ နှစ်ဦးစလုံးသေဆုံးသွားကြောင်း ဒေါင်းမင်းတမန်အထူးပြောက်ကျားတပ်ဖွဲ့ကပြောသည်။

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှ လမ်းဦးစီးအရာရှိ ဦးဝင်းဆန်းဦးနှင့် စားသုံးသူရေးရာ ဦးစီးအရာရှိသည် မြင်းခြံမြို့မှ ကားဖြင့် ပြန်လာစဉ် အောက်တိုဘာလ ၂၄ ရက်နေ့၊ ညနေ ၃ နာရီခွဲခန့်တွင် ငါန်းဇွန်မြို့နယ်၊ သစ်ရုံကျေးရွာနှင့် ထိန်ပန်ကျေးရွာကြား၌ သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် စစ်ကောင်စီတပ်သားလေးဦးအား ကားပေါ်တင်၍ မြင်းခြံမြို့၊ ရွာသာယာကျေးရွာ စစ်ကောင်စီကွပ်ကဲစခန်းသို့ ပို့ဆောင်ခဲ့ပြီးနောက် အပြန်တွင် ပစ်ခတ်ခံရခြင်းဟု ဒေါင်းမင်းတမန်အထူးပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုးကြိုးက မဇ္ဈိမကိုပြောသည်။

” ကွပ်ကဲစခန်းကို ခွေးတွေ(စစ်ကောင်စီတပ်ဖွဲ့ဝင်) လေးကောင်ပါတယ်။ မြင်းခြံကို ရုံးလုပ်ငန်းသွားတာ သတင်းအတိအကျရတယ်။ အဲ့ဒီစခန်းကိုအရင်ကလည်း အဝင်အထွက်၊ ဘယ်သွားသွားပါတယ်။ အဲ့ဒါနဲ့အပြန်မှာ ကားကိုစစ်ဆေးမေးမြန်းဖို့ အကိုတို့တဖွဲ့ကတားတော့ လုံးဝမရပ်ဘူး။ တအားမောင်းပြေးလို့ရှေ့ကစောင့်နေတဲ့အဖွဲ့က စီးပစ်လိုက်တာ” ဟု ဗိုလ်မိုးကြိုးက ယပြောသည်။

ထိုပစ်ခတ်မှုကို ဒေါင်းမင်းတမန် အထူးပြောက်ကျားတပ်ဖွဲ့နှင့်အတူ Myingyan 35(MGN)၊ Natogyi Regional Defence Force၊ ဒေါင်းနီတပ်ဖွဲ့တို့ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဟု သိရသည်။

“သေနတ်ပစ်သံတွေကြားမှ သိရတယ်။ ပထမ ဘာဖြစ်မှန်းမသိတော့ ထွက်မကြည့်ရဲဘူး။ သေနတ်သံတွေငြိမ်ပြီး အတော်ကြာမှ ထွက်ကြည့်ကြတာပါ။ နှစ်ယောက်စလုံး ကားပေါ်တင် သေနေတယ်”ဟု မျက်မြင်တွေ့ခဲ့သည့် ဒေသခံတဦးကပြောသည်။

သေဆုံးသူ နှစ်ဦး၏ လက်ကိုင်ဖုန်းထဲတွင် စစ်ကောင်စီနှင့် ဌာနဆိုင်ရာအရာရှိများ၏ ဖုန်းနံပါတ်များကို တွေ့ရကြောင်းလည်း ဗိုလ်မိုးကြိုးကပြောသည်။ပစ်ခတ်မှုဖြစ်ပြီး မိနစ် ၃၀ ခန့်အကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်လာပြီး သစ်ရုံကျေးရွာနှင့် ထိန်ပန်ကျေးရွာတို့ကို ဝင်ရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။ ဒေသခံများ ဖမ်းဆီးခံရခြင်း ရှိ၊ မရှိကို မဇ္ဈိမအနေဖြင့် မသိရသေးပေ။

ယင်းနောက် အောက်တိုဘာ ၂၅ ရက်နံနက်မှစ၍ ငါန်းဇွန်နယ်ရှိ ခေါင်းဘိုကျေးရွာ ၊တလင်းကုန်းကျေးရွာနှင့် ရေလည်သောင်ကျေးရွာတို့ကို အင်အား ၆၀ ခန့်ပါဝင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကားနှစ်စီးဖြင့် စစ်ကြောင်းထိုး ဝင်ရောက်နေကြောင်း ဒေသခံများက ပြောသည်။

စာတည်း။ ။ နောင်နောင်

စာမူတည်းဖြတ်။ ။အေးချမ်း