လက်ပံတန်းတွင် ရဲနှင့် စစ်ဗိုလ်၏ မိဘများအပါ ၅ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ပုံအညွှန်း- ပစ်ခတ်ခံရ၍ သေဆုံးသူတဦး (ဓါတ်ပုံ- လူမှုကွန်ရက်)

YT
မဇ္ဈိမ။ ။ ပဲခူးတိုင်း အနောက်ခြမ်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ရေငံကျေးရွာအုပ်စုတွင် စစ်ကောင်စီလက်အောက်ခံ ရဲ၏ ဖခင်၊ စစ်ဗိုလ်​၏ မိဘများနှင့် ပညာရေးဝန်ထမ်းနှင့် ၎င်း​၏ အစ်မဖြစ်သူ စုစုပေါင်း လူ ငါးဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံထံက သိရသည်။
အဆိုပါ လူငါးဦးသည် စစ်ကောင်စီ၏ သတင်းပေး ဒလန်များဖြစ်၍ မတ်လ ၁၄ ရက်နေ့၊ ည ၈ နာရီ ၃၀ မိနစ်အချိန်တွင် ဝင်ရောက်ပစ်ခတ် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ မတ်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်ဖော်ပြထားသည်။
” သေတာ အားလုံးပေါင်း ငါးယောက်။ သေနတ်နဲ့ အပစ်ခံရတာချည်းပဲ။ မကျီးကွင်းကျောင်းက ဆရာမတယောက်ပါတယ်။ PDF တွေ လာလုပ်သွားတယ်လို့ ကြားတာပဲ သေချာမသိဘူး” ဟု လက်ပံတန်း သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။
ပစ်ခတ်ခံရသူများသည် သရက်တောရွာနေ ရဲတပ်သား​၏ ဖခင်ဖြစ်သူ အသက် ၅၀ အရွယ် ကိုအောင်ထွန်းဝင်း၊ စစ်ကောင်စီလက်အောက်ရှိ စစ်ဗိုလ်တဦး​၏ မိဘများဖြစ်သည့် အသက် ၆၁ နှစ်အရွယ် ဦးစိန်ဦးနှင့် အသက် ၅၆ နှစ်အရွယ် ဒေါ်လှလှရီ၊ ရေငံရွာနေ အလယ်တန်းပြ ကျောင်းဆရာမ အသက် ၄၉ နှစ်အရွယ် ဒေါ်သွယ်သွယ်ထွန်းနှင့် အစ်မဖြစ်သူ အသက် ၅၇ နှစ်အရွယ် ဒေါ်ဝင်းမင်းသန်းတို့ ဖြစ်သည်။
ဦးအောင်ထွန်းဝင်း၊ ဦးစိန်ဦးနှင့် ဒေါ်လှလှရီတို့သည် ၎င်းတို့ သားများ​၏ အရှိန်အဝါဖြင့် စစ်ကောင်စီထံ သတင်းပေး၍ ပြည်သူများကို ဖမ်းဆီးခိုင်းခြင်း ပြုလုပ်နေသူများ ဖြစ်ကြောင်း၊ ကျောင်းဆရာမ မသွယ်သွယ်ထွန်းနှင့် အစ်မဖြစ်သူည်လည်း ပြည်သူများကို PDF များနှင့် ဆက်နွှယ်သည်ဟုဆိုကာ စစ်ကောင်စီထံ သတင်းပေး ဖမ်းဆီးခိုင်းမှုတို့ကြောင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖော်ပြသည်။
ဦးအောင်ထွန်းဝင်း၊ ဦးစိန်ဦးနှင့် ဒေါ်လှလှရီတို့​၏ စစ်ကောင်စီထံ သတင်းပေး၊ လမ်းပြမှုကြောင့် မတ်လ ၁၄ ရက်နေ့တွင် တော်လှန်ရေးရဲဘော်များ တည်ရှိရာနေရာကို ရဲများ ရောက်လာသဖြင့် ရဲဘော်များ ရှောင်တိမ်းခဲ့ရကြောင်း၊ အလားတူ ဒေါ်သွယ်သွယ်ထွန်းနှင့် အစ်မဖြစ်သူ​၏ စစ်ကောင်စီထံ တိုင်တန်း ဖမ်းဆီးခိုင်းမှုကြောင့် မတ်လ ပထမအပတ်တွင် ကျောင်းဆရာတဦးနှင့် ပြည်သူနှစ်ဦး ဖမ်းဆီးနှိပ်စက်ခံနေရဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ပံတန်းမြို့မှ လူငါးဦး ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်စဉ်အသေးစိတ်နှင့် ပတ်သက်၍ မဇ္ဈိမမှ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး