စစ်တွေဈေးတိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှုဖြစ်ပြီး ပါဝင်သူများကို အရေးယူသွားမည်ဟု AA ထုတ်ပြန်

စစ်တွေဈေး (ပုံဟောင်း)

ဂျူချန်း

(မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကိုးရီးယားဆိပ်ကမ်း ဈေးအတွင်းသို့ စစ်ကောင်စီရေတပ် စစ်သင်္ဘော မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အရပ်သား ၁၂ ဦးသေဆုံးကာ ၈၀ ဦးခန့် ဒဏ်ရာရခဲ့ပြီး ယင်းလုပ်ရပ် သည် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်ကာ ပါဝင်ပတ်သက်သူများကို အရေးယူမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)မှ ထုတ်ပြန်ထားသည်။

စစ်တွေမြို့၊ ကိုးရီးယားဆိပ်ကမ်း ဈေးအတွင်းသို့ ယနေ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နံနက် ၈ နာရီ ၁၀ မိနစ် ခန့်က လူစည်ကားချိန်တွင် စစ်ကောင်စီရေတပ်မှ လက်နက်ကြီးနှစ်လုံးပစ်ခတ်ခဲ့ပြီး ဈေးသည်နှင့် ဈေး လာဝယ်သူ ၁၂ ဦးသေဆုံးကာ အရပ်သား ၃၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ၅၀ ဦးနီးပါး မစိုးရိမ်ရ ဒဏ်ရာများရရှိခဲ့ကြောင်း AA မှ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းလုပ်ရပ်သည် လူအစုလိုက်အပြုံလိုက်သေဆုံးစေရန် ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခြင်းဖြစ်ပြီး စစ်ရာဇ ဝတ်မှုကို ပြောင်ပြောင်တင်းတင်း ဇက်ရဲလက်ရဲ ကျူးလွန်လိုက်ခြင်းဖြစ်ကြောင်းလည်း ဆိုသည်။

ကိုရီးယားဆိပ်ကမ်း ဈေးအတွင်း လူစည်ကားနေချိန် လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့ခြင်းကြောင့် ယခုကဲ့သို့ လူထိခိုက်သေဆုံးမှုများရခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

“ဟင်းရောင်းတဲ့ ဈေးတန်းမှာကျပြီးပေါက်တာ၊ လေးဆင့်တိုက်တန်းမှာကျရင်တော့ လူရာနဲ့ချီသေသွားနိုင် တယ်” ဟု စစ်တွေမြို့ခံအမျိုးသမီးတဦးက ပြောသည်။

လက်ရှိတွင် ဒဏ်ရာရသူများအား နီးစပ်ရာဆေးရုံဆေးခန်းများနှင့် စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ယခုကဲ့သို့ လူအစုလိုက်အပြုံလိုက်သေဆုံးစေရန် အမိန့်ပေးညွှန်ကြားသူများနှင့် စစ်ရာဇဝတ်မှု ကျူးလွန် ရန် ပါဝင်ပတ်သက်နေသူများကို စစ်ဆေးဖော်ထုတ် အရေးယူသွားမည်ဟုလည်း ရက္ခိုင့်တပ်တော်(AA)က ပြောထားသည်။

စစ်ကောင်စီက လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ကာ ဆိုးရွားသည့် စစ်ရာဇဝတ်မှုများကျူးလွန်နေခြင်း ကို နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အိမ်နီးချင်းနိုင်ငံများမှ ဝိုင်းဝန်းတားဆီးဆန့်ကျင်ပေးရန်လည်း AA မှ တိုက်တွန်းထားသည်။

စစ်ရှုံးနေသည့် စစ်ကောင်စီသည် အရှက်ဒေါသနှင့် လူမျိုးရေးအမုန်းတရားဖြင့် ပြည်သူများကို တိုက်ခိုက် ခြင်း၊ လူမျိုးရေးပဋိပက္ခများဖန်တီးခြင်း အစရှိသည့် အောက်တန်းကျသောနည်းလမ်းပေါင်းစုံ လုပ်ဆောင် နေသည်ကို သတိထားစောင့်ကြည့်ရန်လည်း AA က သတိပေးထားသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်ကာ ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တွေမြို့ပေါ်ရှိ စစ်ကောင်စီအထိုင်တပ်စခန်းများမှ လက်နက်ကြီးများဖြင့် နေ့စဉ် အကြိမ်ရေရာနှင့်ချီကာပစ်ခတ်နေကြောင်း စစ်တွေမြို့ခံများ၏ ပြောပြချက် အရ သိရသည်။

စာတည်း။ ။စောဖေ