မြစ်ကြီးနားမြို့အဝင် ဗလဗင်းထင်တံတားစုပေါင်းဂိတ် တိုက်ခိုက်ခံရမှု ဒုရဲမှူးအပါအဝင် ရဲအချို့သေဆုံး

ပုံအညွှန်း - မေလ ၉ရက်က ဗလမင်းထင်တံတားစစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီးနောက် မီးလောင်နေသည်ကို မြစ်ကြီးနားမြို့ဘက်အခြမ်းမှ တွေ့ရစဉ်

ပုံအညွှန်း – မေလ ၉ရက်က ဗလမင်းထင်တံတားစစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီးနောက် မီးလောင်နေသည်ကို မြစ်ကြီးနားမြို့ဘက်အခြမ်းမှ တွေ့ရစဉ်

အဂမ်

မြစ်ကြီးနားမြို့အဝင်ရှိ ဗလမင်းထင်တံတားအနီး စစ်ကောင်စီဂိတ်ကို ကချင်လွတ်လပ်ရေးတပ်မတော်( KIA) က ယမန်နေ့ကတိုက်ခိုက်ရာ ဒုရဲမှူးတဦးအပါအဝင် ရဲအချို့သေဆုံးပြီး ရဲတပ်ဖွဲ့ဝင်နှစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့သတင်းရင်းမြစ်က ပြောသည်။

မြစ်ကြီးနား-ဝိုင်းမော်ဆက်သွယ်ထားသည့်ဗလမင်းထင်တံတားတဖက်ကမ်း (မိုင်းနားဘက်အခြမ်း)မှ ဌာနဆိုင်ရာစုပေါင်းဂိတ်ကိုKIAက ယမန်နေ့ (မေလ ၉ ရက်) မွန်းလွဲ ၃ နာရီခန့်၌ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“မနေ့က ဗလမင်းထင်တံတားမှာ ကျတဲ့ဒုရဲမှူးက အရင်ကဝိုင်းမော်စခန်းမှုးဟုတ်တယ်။ နောက်ပြီး ဂိတ်မှာထိုင်တဲ့ မော်တော်ပီကယ်ယာဉ်ထိန်းတယောက် ခြေထောက် ဒဏ်ရာရ။ အခြားအဆင့်တဦး ဒဏ်ရာရတယ်။ သေတဲ့သူလည်း ထပ်ရှိသေးတယ်။ ကျနော်တို့လည်း ဒီလောက်ပဲသိရသေးတယ် ” ဟု ကချင်ပြည်နယ်ရဲတပ်ဖွဲ့သတင်းရင်းမြစ်က ပြောသည်။

အဆိုပါတိုက်ခိုက်မှု၌ ရဲနှစ်ဦးထက်မနည်းသေဆုံးကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က ပြောသော်လည်း အသေးစိတ်အတည်မပြုနိုင်သေးပေ။ ဒုရဲမှူး တင်ကိုကိုသေဆုံးမှုကိုမူ ရဲတပ်ဖွဲ့နှင့်နီးစပ်သူအချို့က အတည်ပြုသည်။

” သူက ဝိုင်းမော်စခန်းမှူး‌ကနေ ပြည်နယ်ရဲရုံးကိုပြောင်းသွားတာ။ လူကတော့ ခပ်အေးအေးနေတတ်တဲ့သူ။ ဒါပေမယ့် တံတားဂိတ်မှာထိုင်ပြီး ငွေတောင်းကြမ်းတဲ့အဖွဲ့ထဲကပါပဲ”ဟု ဒုရဲမှူးတင်ကိုကို၏ မိတ်ဆွေတဦးကပြောသည်။

မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူရုံးအား ယနေ့(မေလ ၁၀ရက်) နေ့လယ်ပိုင်းတွင် မဇ္ဈိမက ဖုန်းဖြင့်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်းမရှိပေ။

ဒုရဲမှူးတင်ကိုကို၏ လက်အောက်၌ တာဝန်ထမ်းဆောင်ဖူးသည့် ရဲအရာရှိတဦးက” မနေ့က အပစ်ခံရတာမှာ ဒုရဲမှူးတင်ကိုကိုထိပြီး ဆုံးတာ မှန်ပါတယ်။ ရဲအုပ်တယောက်လည်း စိုးရိမ်ရတယ်လို့ သိထားပါတယ်” ဟု ပြောသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီသည် ဗလမင်းထင်မြစ်ကူးတံတားမြစ်ကြီးနားဘက်အခြမ်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှကားနှစ်စီးထက်မနည်း အင်အားဖြည့်တင်းထားကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့်၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ကလည်း ဗလမင်းထင်တံတားစုပေါင်းဂိတ် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး ရဲတပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့သည်။

စာတည်း – အေးချမ်း