အလင်း၀င်ခဲ့သည့် ခလရ(၁၄၃)တပ်ရင်းကို တဦးလျှင် ကျပ် ၁၅ သိန်းဖြင့် ကျပ်သိန်း ၇၀၀ ကျော် ချီးမြှင့်

အလင်း၀င်ခဲ့သည့် ခလရ(၁၄၃)တပ်ရင်းကို တဦးလျှင် ကျပ် ၁၅ သိန်းဖြင့် ကျပ်သိန်း ၇၀၀ ကျော် ချီးမြှင့်

ရှမ်းပြည်မြောက်ပိုင်းတွင်အလင်း၀င်ခဲ့သည့် ခလရ(၁၄၃)တပ်ရင်းတရင်းလုံးကိုတဦးလျှင် ကျပ် ၁၅ သိန်းဖြင့် ကျပ်သိန်း ၇၀၀ ချီးမြှင့်ခဲ့‌ကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၃၀ ရက်တွင် ကွမ်းလုံမြို့နယ်၏တောင်ပိုင်းရှိ ကံမိုင်းဒေသတွင် အခြေချတပ်ထိုင်သော (ရမခ) လက်အောက်ခံ တပ်ရင်း ခလရ (၁၄၃) မှ ဒု-တပ်ရင်းမှူး တဦးနှင့် တပ်ခွဲမှူး နှစ်ဦးအပါအ၀င်စစ်သည် ၄၁ ဦး လက်နက်ချအလင်းဝင်လာခြင်းဖြစ်သည်။

အဆိုပါစခန်းတွင် နှစ်ဖက်တပ်များ စစ်ဆိုင်ထားခြင်းဖြစ်ပြီး စစ်ကောင်စီက တပ်ကူများကို စောင့်ဆိုင်းခဲ့‌ကြောင်း၊ အောက်တိုဘာ ၂၈ ရက် ညပိုင်းတွင် အလင်းဝင်ရန် တောင်းဆို ခဲ့‌ကြောင်း၊ အောက်တိုဘာ ၂၉ ရက် တနေ့လုံး ဆွေးနွေး ခဲ့ပြီးနောက် အလင်း၀င်လာခြင်းဖြစ်သည်ဟု MNDAA က ထုတ်ပြန်သည်။

အလင်းဝင်လာသူတဦးလျှင် လမ်းစရိတ် ကျပ် ၁၅ သိန်း အပါအ၀င် စုစုပေါင်း သိန်း ၇၀၀ ကျော် ‌ပေးပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်‌ကြောင်း MNDAA က ထုတ်ပြန်သည်။

အလင်း၀င်သည့် ကိစ္စမှာ ရှက်စရာကောင်းသည့် လုပ်ရက်မဟုတ်‌ ‌ကြောင်း၊ စစ်ကောင်စီမှ နိုင်ငံတော်ကိုယ်စားမပြုသကဲ့သို့ လူထုကိုလည်း ကိုယ်စားမပြုသည့် အကြမ်းဖက်အဖွဲ့သာ ဖြစ်သည်ဟု MNDAA က ဆိုသည်။

လက်ရှိအချိန် စစ်ကောင်စီတပ်ဖွဲ့တွင် လူအင်အားအလွန်ချို့တဲ့ နေပြီး တပ်ရင်း တရင်းလျှင် လူအင်အား ၁၀၀ ခန့်သာရှိပြီး အော်ပရေးရှင်းစတင်ချိန်မှ လက်ရှိအချိန်ထိ ညီနောင်သုံးဖွဲ့ထံ အလင်းဝင်သူ ၁၀၀ ကျော်ရှိပြီဟု MNDAA က ထုတ်ပြန်သည်။

အလင်း၀င်လာသည့် ခလရ (၁၄၃) မှ ရရှိခဲ့သောပစ္စည်းများမှာ ဆက်သွယ်ရေးစက် သုံးခု၊ ရိုင်ဖယ်သေနတ် ၂၇ လက်၊ စက်လက်အငယ် ငါးလက်၊ RPG နှစ်လက်၊ Sniper တလက်၊ စက်လက်အကြီး နှစ်လက်၊ Type -82 စိန်ပြောင်း တလက်၊ ၆၀မမ စိန်ပြောင်း နှစ်လက်၊ ၅.၅၆ ကျည် ၁၁ ဖာ၊ ၅.၅၆ Shot Gun ကျည် ၈၀၀၀ တောင့်၊ အီနာဂါ သုံးဖာ၊ ရိုင်ဖယ်ကျည်ကပ် ၁၃၀ ခု၊ MA-4 ဗုံးသီး ၈၀ လုံး၊ ဗုံးသီးအမျိုးမျိုး ၂၄၇ လုံး၊ ၈၂မမ ဗုံးသီး ၉၁ လုံး၊ ၁၀၀မမ ဗုံးသီး ၄၆ လုံး ၊ MA-4 လေးလက် ၊ လက်ကိုင်ဖုန်း ၂၈ လုံး၊ စကားပြောစက် ခုနှစ်ခု၊ ဆန် ၃၈ အိတ်တို့ပါဝင်သည်ဟု MNDAA က ထုတ်ပြန်သည်။