ဘုတလင်မြို့တွင် စစ်ကောင်စီ ဒုတပ်ကြပ် လက်နက်ခဲယမ်းများနှင့် ကာကွယ်ရေး တပ် ထံခိုလှုံ

ပုံအညွှန်း - စစ်ကောင်စီတပ်သားယူဆောင်လာသည့် လက်နက်ခဲယမ်းများ / ဓါတ်ပုံ - Battalion Of Budalin

ပုံအညွှန်း – စစ်ကောင်စီတပ်သားယူဆောင်လာသည့် လက်နက်ခဲယမ်းများ / ဓါတ်ပုံ – Battalion Of Budalin

ပါခွီး

(မဇ္စျိမ) ။      ။ စစ်ကိုင်းတိုင်း ၊ ဘုတတလင်မြို့မှ စစ်ကောင်စီတပ်က ဒုတပ်ကြပ် တဦး လက်နက်ခဲယမ်းများယူဆောင်ခိုလှုံလာကြောင်း မုံရွာခရိုင်အမှတ် (၂၀)တပ်ရင်း Battalion Of Budalin (BOB) ထံကသိရသည်။

ဘုတလင်မြို့မရဲစခန်းတွင် တာဝန်ကျနေသည့် မှော်ဘီအခြေစိုက် ခမရ (၇၀၃) က အသက် ၃၅ ဝန်းကျင်ရှိသူ ဒုတပ်ကြပ်သည် MA 1 max2 တလက် ၊ ကျည်ဘောက် ခြောက်ခု ၊ ကျည်ဆန် ၄၂၀ နှင့် အီနာဂါ နှစ်လုံးတို့နဲ့အတူ ဖေဖော်ဝါရီ ၂၉ရက်နေ့က ဝင်ရာက်လာခြင်းဖြစ်သည်။

“ကျနော်တို့မူဝါဒအရ လုံခြုံတဲ့နေရာမှာ ထားရှိပြီး စောင့်ကြည့်ကာလ  ပြီးမှ အခြေအနေပေါ်မူတည်ပြီးလုပ်ဆောင်မှာပါ” ဟု BOB တာဝန်ရှိသူက မဇ္စျိမ ကိုပြောသည်။
အဆိုပါ ဝင်ရောက်လာမည့် စစ်သားနှင့် ချိတ်ဆက်ပြီး မြို့နားသို့ ချဥ်းကပ်ပြီး သွားရောက်ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

ယင်းနေ့ နံနက်၇နာရီ ၅၀မိနစ်ကလည်း ဘုတလင်မြို့မစခန်းမှ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ) သို့ ဗျူဟာမှူးအပြောင်းအလဲလုပ်ရန် ပြည်သူ့ကားသုံးစီးချောဆွဲ ထွက်သည့် စစ်ကောင်စီတပ်သားများကို မုံရွာ – ရေဦးကားလမ်းမ ပေါ်ရှိ ညောင်ပင် ကန်ရွာအနီး မိုး ကိုယ်ပိုင်အထက်တန်းကျောင်းအနီးတွင် စောင့်ကြိုတိုက်ခိုက်ခဲ့ ကြောင်းBOB တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

၁၀မိနစ်ကျော် ပစ်ခတ်မှုဖြစ်စဥ်အတွင်း စစ်ကောင်စီတပ်သား နှစ်ဦး ဦးခေါင်းနှင့် ရင်ဘတ်ထိမှန်သေဆုံးပြီး ငါးဦးထက်မနည်းဒဏ်ရာရရှိကာ နမခ သို့ ဆက်မသွားနိုင်ဘဲ ဘုတလင်မြို့စခန်းသို့ ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို BOB နှင့်အတူ မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့က ပူးပေါင်းလုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ကြောင်းသိရသည်။

ဖေဖော်ဝါရီလ ၂၆ရက် မနက်ပိုင်းကလည်း ဘုတလင်မြို့မဈေးတွင် ဈေးဝယ်လာ သည့် ရဲတပ်သားတဦးကို BOBတပ်ဖွဲ့မှ အနီးကပ်ပစ်ခတ်ရာ သေဆုံးသွားကာ စစ်ကောင်စီတပ်မှ ပြန်လည်ပစ်ခတ်ရာ ဒေသခံနှစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး