အီးယူက တရုတ်၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းကို စိန်ခေါ်မည့် အစီအစဉ်သစ်များ မိတ်ဆက် 

အီးယူက တရုတ်၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းကို စိန်ခေါ်မည့် အစီအစဉ်သစ်များ မိတ်ဆက်

ဥရောပသမဂ္ဂ (အီးယူ) သည် ၎င်း၏ Global Gateway အစီအစဉ်အတွက် ဒေါ်လာသန်းပေါင်းများစွာထောက်ပံ့မည့် သဘောတူညီချက်များကို ဖိုရမ်တစ်ခုတွင် ကြေညာခဲ့ပြီး အီးယူ၏ အခြေခံအဆောက်အအုံဆိုင်ရာ ပူးပေါင်းမှုအစီအစဉ်သစ်သည် တရုတ်နိုင်ငံ၏ ကမ္ဘာတစ်ဝန်းတွင် ဖော်ဆောင်နေသော ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) အစားရွေးချယ်စရာတစ်ခုအဖြစ် ရှုမြင်ရသည်။ 

ပထမဆုံး Global Gateway ဖိုရမ်ကို အောက်တိုဘာ ၂၅ ရက်တွင် ဘရပ်ဆဲလ်၌ ကျင်းပခဲ့ပြီး တောင်ကမ္ဘာခြမ်းမှ ခေါင်းဆောင်များနှင့် ဝန်ကြီး ၄၀ အများစုအပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်မှ ထိပ်တန်းအစိုးရ ကိုယ်စားလှယ် ၉၀ ဦး တက်ရောက်ခဲ့သည်။ 

အီးယူနိုင်ငံပေါင်း ၂၇ နိုင်ငံသည် ဖိုရမ်ဖွင့်ပွဲတွင် ယူရို ၆၆ ဘီလီယံ (ဒေါ်လာ ၆၉. ဒသမ ၆ ဘီလီယံ) တန်ဖိုးရှိ သဘောတူညီများစွာကို ကြေညာခဲ့ပြီး အရေးပါသော ကုန်ကြမ်းသတ္တုများ၊ သဘာဝစွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးများနှင့် ဆက်စပ်စီမံကိန်းများကို ပံ့ပိုးကူညီရန် အစည်းအဝေးအတွင်း ဥရောပ၊ အာရှနှင့် အာဖရိကမှ အစိုးရများနှင့် နောက်ထပ် ယူရို ၃ ဘီလီယံ (ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံ) တန်ဖိုးရှိ သဘောတူညီချက်အသစ်များကို ရေးထိုးခဲ့သည်။ 

ဥရောပကော်မရှင် အကြီးအကဲ ဖိုရမ်အဖွင့်မိန့်ခွန်းတွင် အာဆူလာဗွန်ဒါလီယန်က အရည်အသွေးမြင့် ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်လုပ်ဆောင်ရန် ကတိပြုခဲ့ပြီး Global Gateway သည် ဘဏ္ဍာငွေနှင့် သန့်ရှင်းသော အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းအတွက် ပိုမိုကောင်းမွန်သော ရွေးချယ်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အီးယူတာဝန်ရှိသူများသည် Global Gateway ကို BRI ၏အခြားရွေးချယ်စရာတစ်ခုအဖြစ် လူသိရှင်ကြား မပြောကြားခဲ့ပေ။ တရုတ်နိုင်ငံသည် ၎င်း၏ ဒေါ်လာ ၁ ထရီလီယံတန်ဖိုးရှိ ကမ္ဘာ့ရင်းနှီးမြုပ်နှံမှု အစီအစဉ်၏ ၁၀ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုရန် နိုင်ငံပေါင်း ၁၃၀ ကျော်မှ ကိုယ်စားလှယ်များကို တွေ့ဆုံပြီး တစ်ပတ်အကြာတွင် ဘရပ်ဆဲလ်၌ အီးယူ၏ဖိုရမ် ကျင်းပလာခြင်းဖြစ်သည်။ အီးယူသည် တရုတ်၏ BRI နှင့်ပတ်သက်ပြီး ထပ်ခါတလဲလဲ ဝေဖန်ခံနေရသည့် ပွင့်လင်းမြင်သာမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တည်တံ့ခိုင်မြဲမှုကဲ့သို့သော အစိတ်အပိုင်းများကို ဦးစားပေးရန် ရည်မှန်းထားသည်။ 

အီးယူသံတမန်များသည် Global Gateway ကို ထောက်ခံကြသော်လည်း အဆိုပါ အစီအစဉ်အား ပံ့ပိုးပေးပုံနှင့်ပတ်သက်၍ ဥရောပအစိုးရများနှင့် အီးယူအဖွဲ့အစည်းများကြား ကွဲလွဲနေသော သဘောထားများနှင့် အီးယူက တရုတ်နိုင်ငံကဲ့သို့ မိတ်ဖက်နိုင်ငံများကို  စွဲမက်ဖွယ် ကမ်းလှမ်းမှုများ ပေးနိုင်မည်လားဆိုသည့် သံသယများကို ရင်ဆိုင်နေရကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်ဟု RFE/RL သတင်းဌာနက ဖော်ပြသည်။   

တရုတ်၏ BRI စီမံကိန်းသည် မကြာသေးမီနှစ်များက သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ အလွန်အမင်း ချေးငှားမှုနှင့် စာချုပ်အငြင်းပွားမှုများကြောင့် အရှုပ်တော်ပုံများနှင့် ဝေဖန်မှုများကို ရင်ဆိုင်ခဲ့ရသည်။ BRI စီမံကိန်းများ၏ ၃၅ ရာခိုင်နှုန်းသည် အကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံများ၊ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်များနှင့် လူထုဆန္ဒပြမှုများကို ကြုံတွေ့ရကြောင်း ဗာဂျီးနီးယားရှိ William and Mary ကောလိပ်မှ AidData Lab သုတေသနဌာန၏ လေ့လာမှုတွင် ဖော်ပြထားသည်။  

သို့သော် BRI သည် အငြင်းပွားဖွယ်ရာများကြားမှ အစိုးရများအတွက် ဆွဲဆောင်မှုရှိသော ပုံစံဖြင့် ပစ်မှတ်ထားကမ်းလှမ်းမှုများကို ယခုအချိန်အထိ ဖန်တီးထားနိုင်သည်။ BRI စီမံကိန်းများသည် ကွန်မြူနစ်ပါတီခေါင်းဆောင်ပိုင်း၏ ညွှန်ကြားချက်များကို လိုက်နာသော တရုတ်အစိုးရကုမ္ပဏီများနှင့် ငွေချေးသူများ၏ အခန်းကဏ္ဍကြောင့် အမြန်အကောင်အထည်ဖော်နိုင်ကာ အကျိုးဖြစ်ထွန်းခဲ့သည်။ 

German Marshall Fund ထောက်ပံ့ရေးအဖွဲ့အစည်းမှ ဆက်သွယ်မှုဆိုင်ရာ အီးယူအထူးသံတမန်ဟောင်း ရိုမန်နာဗလာဟူတင်က “နိုင်ငံတွေဟာ သူတို့အတွက် အကောင်းဆုံးဆိုတာကို ရွေးချယ်ဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ ဈေးကွက်မှာ တရုတ်ကမ်းလှမ်းမှုတွေသာရှိနေမယ်ဆိုရင် ရွေးချယ်စရာမရှိဘူးဆိုတဲ့သဘောပါ။ ဒါကို ပြောင်းလဲရမယ်။” ဟု က RFE/RL သို့ ပြောကြားခဲ့သည်။