Facebook နှင့် Instagram ယာယီပြတ်တောက်ပြီး အသုံးပြု၍မရခဲ့ကြောင်း သုံးစွဲသူများ ပြောကြား

Oxford Mail

လူမှုမီဒီယာဖြစ်သည့် Facebook သည် ယာယီပြတ်တောက်ပြီး အသုံးပြု၍မရခဲ့ကြောင်း Facebook သုံးစွဲသူများ က သတင်းပေးပို့ခဲ့သည်။

Meta ကုမ္ပဏီက ပိုင်ဆိုင်သော Facebook တွင် ပြဿနာတက်နေပြီး အသုံးပြုမရဖြစ်ခဲ့ကြောင်း Facebook သုံးစွဲသူ ၁၇,၀၀၀ ကျော်က Downdetector သို့ သတင်းပေးပို့ခဲ့သည်။

Facebook အသုံးပြုသူများ၏ ၆၄ ရာခိုင်နှုန်း သည် ဝဘ်ဆိုက်တွင် ပြဿနာကြုံတွေ့ခဲ့ရပြီး ၂၂ရာခိုင်နှုန်းသည် Facebook အက်ပလီကေးရှင်းကို အသုံးပြု၍မရခဲ့ဘဲ ၁၄ ရာခိုင်နှုန်းက Facebook ကို Log In ဝင်မရ ဖြစ်ခဲ့သည်။

Facebook ပြတ်တောက်မှုသည် ညနေ ၃ နာရီမှ စတင်ခဲ့ကြောင်း DownDetector က ပြောကြားပြီး ယခုအချိန် အထိ သုံးစွဲသူအများအပြား အသုံးပြုမရဖြစ်နေဆဲဖြစ်သည်။

ဓာတ်ပုံမျှဝေသည့် လူမှုမီဒီယာဖြစ်သည့်Instagram အသုံးပြုသူများကလည်း အသုံးပြုမရဖြစ်နေကြောင်းကို လူ ၉,၀၀၀ ကျော်က သတင်းပေးပို့ခဲ့သည်။

Instagram အသုံးပြုသူများ၏ ၈၈ရာခိုင်နှုန်းကျော်က အသုံးပြုမရ ဖြစ်နေကြောင်း ပြဿနာများကို Downdetector သို့ သတင်းပေးပို့ခဲ့သည်။

အခြားသော Meta ပိုင်ဆိုင်သော လူမှုမီဒီယာများဖြစ်သည့်သည် Instagram နှင့် ဆင်တူသည့် လူမှုမီဒီယာ အသစ်ဖြစ်သည့် Threads နှင့် Whatsapp လည်း ပြဿနာများ ကြုံတွေ့နေပုံရသည်။

ယင်းလူမှုမီဒီယာများအသုံးပြုသူများက အသုံးပြုမရဖြစ်ခြင်းနှင့်ပတ်သက်၍ ၎င်းတို့၏စိုးရိမ်မှုများကို ယခင်က Twitter ဟု ခေါ်ဆိုခဲ့သည့် X တွင် ဖော်ပြခဲ့ကြသည်။

“တခြားလူတွေကော #Facebook အကောင့်က ထွက်သွားရလား။ ပြန်ဝင်လို့လည်း မရဘူး၊ အသုံးပြုချိန် သက်တမ်း ကုန်သွားတယ် ဒါမှမဟုတ် မမျှော်လင့်ထားတဲ့ အမှားအယွင်းတခုဖြစ်သွားပုံပေါ်တယ်လို့ပဲ ပြောနေပါတယ်။” ဟု အသုံးပြုသူတဦးက ရေးသားခဲ့သည်။

“Facebook နဲ့ Instagram မှာ logged out ဖြစ်သွားတယ်၊ တက်မလာတော့ဘူး။ ပထမဆုံး တွေးတာက ငါ့အကောင့်တွေ ဟက်ခ်ခံရတာလား? ကံကောင်းတာက #facebookdown နဲ့ #instagram ကဖြစ်တာပဲ” ဟု နောက်ထပ်တဦးက ရေးသားထားသည်။

DownDector ဆိုသည်မှာ Twitter ၊ Instagram ၊ Facebook ၊ Virgin Media နှင့် အခြား လူမှုမီဒီယာများ တွင် အခက်အခဲများရှိပါက သုံးစွဲသူများက သတင်းပေးပို့နိုင်သည့် အွန်လိုင်းဝက်ဘ်ဆိုဒ်တခုဖြစ်သည်။

ပုံမှန်ပမာဏထက် ပိုများနေသော ပြဿနာအစီရင်ခံချက်များကိုသာ DownDector ဝက်ဘ်ဆိုဒ်က ဖော်ပြပေး သည်။