ရွှေဘိုမြို့တွင် ဓားပြမှုကျူးလွန်သည့် ပျူအဖွဲ့ဝင်ဆိုသူများကို ကာကွယ်ရေးတပ်ဖွဲ့ ဖမ်းဆီး

ရွှေဘိုမြို့တွင် ဓားပြမှုကျူးလွန်သည့် ပျူအဖွဲ့ဝင်ဆိုသူများကို ကာကွယ်ရေးတပ်ဖွဲ့ ဖမ်းဆီး

ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးထားသူများ

MTO (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ဓားပြမှုကျူးလွန်သည့် ပျူစောထီးအဖွဲ့ဝင်ဆိုသူ နှစ်ဦးကို ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

“ကျတော်တို့ မြို့ထဲထိ စွန့်စားဝင်ရောက်ပြီး လုံးထွေးသတ်ပုတ်ပြီး ဖမ်းခဲ့ရတာ သူတို့က လက်ပစ်ဗုံးနဲ့ ပစ်ပြီး ခုခံဖို့လုပ်ပေမယ့် ကျတော်တို့ လက်ဦးမှု ရယူဖမ်းဆီးနိုင်ခဲ့တယ်” ဟု ရွှေဘိုအားမာန် မြို့ပြ ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

နိုဝင်ဘာလ ၁ ရက်နေ့က မင်းကုန်းကျေးရွာ အနောက်ဘက် ရွှေဘို-ဆိပ်ခွန် ကားလမ်းမဘေးရှိ ဓာတ်ဆီအရောင်းဆိုင် နှစ်ဆိုင်ကို ဓါးပြတိုက်သွားသည့် ပျူစောထီးအဖွဲ့ ဝင်ဆိုသူများကို နိုဝင်ဘာလ ၂ ရက်နေ့တွင် ရွှေဘို-ဆိပ်ခွန် ကားလမ်းဘေး အောင်ချမ်းသာကျောင်း အနောက်ဘက် “ခွန်အားသစ်”ထမင်းဆိုင်အရှေ့တွင် ကာကွယ်ရေးတပ်ဖွဲ့ များက ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဖမ်းဆီးခံရသည့် ပျူစောထီးအဖွဲ့ဝင် ဆိုသူများမှာ ဇီးကုန်းလေးကျေးရွာတွင် နေထိုင်ကြသည့် အသက် ၅၀အရွယ် ရန်ကုန်တင်ဝင်းနှင့် အသက် ၃၄နှစ်အရွယ် မကွေးမင်းမင်းတို့ဖြစ်ပြီး ဓားပြမှုကို ၎င်းတို့ကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုထားသည်ဟု သိရသည်။

“သူတို့ ဓားပြတိုက်ယူသွားတဲ့ ပိုက်ဆံတွေကိုတော့ ပြန်မရတော့ဘူး။ တရားခံတွေကိုတော့ သက်ဆိုင်ရာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အပ်လိုက်ပီ “ဟု ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

အဆိုပါ ဓားပြမှုကျူးလွန်သူနှစ်ဦးကို ရွှေဘိုအားမာန်မြို့ပြပျောက်ကျား War Lord Defence Force၊ ဗိုလ်မိကျောင်းအဖွဲ့ မဟာမိတ်ဖြစ်သော ဘီလူးညီနောင် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)